22 May, 2013

ဂေါက်သီးရိုက်သူတို့အတွက် အာဟာရ


ဂေါက်သီးရိုက်တာက သန်စွမ်းမှု၊ ပျော့ပျောင်းမှု၊ နည်းလမ်းကျမှုနဲ့ အာရုံစိုက်နိုင်စွမ်းတို့ကို ကိုယ်စားပြုတဲ့ ဂိမ်းကစားနည်းတစ်မျိုးဖြစ်ပါတယ်။ ဂေါက်သီးရိုက်တဲ့အခါ ဦးနှောက်က လုံလုံလောက်လောက် အလုပ်လုပ်
ဖြစ်စေဖို့ အစားအသောက်လိုအပ်သလို ကြွက်သားတွေ စိုပြည်စေဖို့ အရည်လည်းအပြည့်အ၀ လိုအပ်ပါ တယ်။ ကြွက်သားနဲ့ နာ့ဗ်ကြောတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်အလုပ်လုပ်နိုင်ဖို့ သတ္တုဓာတ်တွေကလည်း အရေးပါပါတယ်။


ပျမ်းမျှအားဖြင့် ဂေါက် ၁၈ ကျင်းရိုက်ရင်ကြာချိန်က ၂၂၇ မိနစ်ရှိပြီး ခြေလှမ်းပေါင်း နှစ်သောင်းခုနစ်ထောင် ခန့် လျှောက်ရပါတယ်။ ဒါကြောင့် အာဟာရဓာတ် အများအပြား လိုအပ်နေပါတယ်။ သင်က အပျော်တမ်း
ဂေါက်သီးရိုက်ကစားသမား ဒါမှမဟုတ် ဂေါက်သီးရိုက်သမားဖြစ်ရင် ဂေါက်သီးရိုက်နေချိန်အတောအတွင်း ဘယ်လိုအာဟာရတွေကို စားသောက်သင့်သလဲဆိုတာ သိစေဖို့ ရေးသားလိုက်ရပါတယ်။

ဂေါက်သီးမရိုက်မီ စားသောက်သင့်သော အာဟာရ

ဂေါက်သီးမရိုက်ခင် အချိန် ၃-၄ နာရီအလိုကတည်းက ထမင်းလို အစာကြီးတစ်နပ် စားထားပါ။ အစာများ များစားပြီး လေးနာရီလောက်ကြာရင် အစာကြေညက်ပြီလို့ ဆိုနိုင်ပေမယ့် အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ပိုကောင်းပါတယ်။

ဂေါက်သီးရိုက်နေစဉ် အတောအတွင်း စားသင့်သော အာဟာရ

♦ နံနက်ခင်း ဂေါက်သီးရိုက်နေစဉ် အတောအတွင်း ကြက်ဥနဲ့ ရောကြောထားတဲ့ ပေါင်းမုန့်ညိုတစ်ချပ်၊ ဒိန် ချဉ် ဒါမှမဟုတ် ကွေကာ စတာတွေကို စားပေးပါ။

♦ နေ့ခင်း ဂေါက်ရိုက်တဲ့အချိန်မှာတော့ ဆင်းဒ၀ှစ်ခ်ျမုန့် တစ်ချပ် ဒါမှမဟုတ် စွပ်ပြုတ်နဲ့ ဟင်းရွက်သုပ်တို့ကို စားပေးပါ။

ဂေါက်ရိုက်နေစဉ် အတောအတွင်း စွမ်းအင်အပြည့်အ၀ ရရှိစေဖို့ သရေစာကို နည်းနည်းချင်းစီစားပေးသင့် ပါတယ်။ ဂေါက်သီးစရိုက်ပြီး မကြာခင်မှာ ဆင်းဒ၀ှစ်ခ်ျ မုန့်တစ်ဝက်၊ ဒိန်ချဉ်အေးတစ်ခွက်၊ သစ်သီးခြောက် တစ်ခွက်ကို စားသင့်ပါတယ်။ စည်းမျဉ်းအရ ဒီအစာမှာ ကယ်လိုရီ ၂၀၀ ခန့်ပဲ ပါသင့်ပြီး ကာဗိုဟိုက်ဒရိတ် ၁၅-၃၀ ဂရမ် ပါဝင်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေ အဓိက သုံးတဲ့ စွမ်းအင်အရင်း အမြစ်က ကာဗိုဟိုက်ဒရိတ်ဖြစ်လို့ပါ။

အချိန်ကြာကြာ ဂေါက်သီးရိုက်ချိန် အတောအတွင်း ဖြည့်တင်းသင့်သော အာဟာရ

ဂေါက်သီးရိုက်ချိန် ၄-၅ နာရီကြာသွားရင် သင့်ခန္ဓာကိုယ်ကို ကာဗိုဟိုက်ဒရိတ်ပါတဲ့ သရေစာ အနည်းငယ် နဲ့ ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်လာပြန်ပါတယ်။ ဂေါက်သီးရိုက်ချိန် ၁-၂ နာရီကြာတိုင်း အာဟာရဓာတ် အနည်းငယ်ဖြည့်တင်းလိုက်ပါ။ တကယ်တော့ သရေစာဆိုရင် ကာဗိုဟိုက်ဒရိတ် ၂၀-၃၀ ဂရမ်ပဲ လိုအပ်ပါ တယ်။ သရေစာက သစ်သီးတစ်လုံး၊ ခရက်ကာမုန့် ၆-၈ ချပ် ဒါမှမဟုတ် အားကစားသမားသုံးဖျော်ရည် တစ်ခွက် ဖြစ်သင့်ပါတယ်။

ရေဓာတ်ဖြည့်တင်းပါ

သင့်ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ပမာဏကြောင့် ကြွက်သားတွေရဲ့ ခံနိုင်ရည်နဲ့ ဂေါက်ရိုက်ရာမှာ လက်ကို လွှဲယမ်းနိုင်စွမ်းတို့ကို အားနည်းစေပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေစေဖို့ အောက်ပါအရည် တို့ကို သောက်ပါ။

ရေကတော့ အကောင်းဆုံးသောက်သင့်တဲ့ အရည်ဖြစ်ပါတယ်။


♦ ဂေါက်သီးမရိုက်ခင် ၁၅-၃၀ မိနစ်အလိုမှာ ရေ ၁၅ အောက်စသောက်ပါ။

♦ ဂေါက်ရိုက်ချိန် ၁၅-၂၀ မိနစ်ကြာတိုင်း ရေ ဒါမှမဟုတ် ဖျော်ရည်လေးအောင်စ-ရှစ်အောင်စ သောက်ပေး ပါ။

(ရေတစ်အောင်စဆိုတာ ရေခပ်ကြီးကြီး တစ်ငုံစာနဲ့ ညီမျှတယ်လို့ မှတ်ထားပါ။)

ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...