02 August, 2013

ကင်ဆာတား အာဟာရ (Anti-Cancer Diet)


လေ့လာမှုတွေအရ ကင်ဆာရောဂါအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းနီးပါးဟာ အစားအသောက်၊ အထူးသဖြင့်အဆီ များတဲ့အစာ၊ ပြုပြင်ထားတဲ့ အစာတို့နဲ့ ဆက်စပ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ အများ စုကို အစားအသောက်ပုံစံ ပြောင်းလဲပြီး ကာကွယ်နိုင်တယ်လို့လည်း လေ့လာသူတွေက ယုံကြည်ထားပါ တယ်။ ကင်ဆာကို ဟန့်တားနိုင်ဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။



ရှောင်ပါ ♦ ပိုင်းသတ်ဆေးကပ်ငြိနေသော အစာများ



 
ပိုးသတ်ဆေးကပ်ညိနေတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီး ၀လံတွေကို သေချာစင်ကြယ်အောင် ဆေးကြောပြီးမှ စားသင့် ပါတယ်။ မှိုတက်နေတဲ့ အစာ၊ ဥပမာ ငရုတ်သီး ခြောက်တွေ ကို ရှောင်ပါ။


 

 

 

လျှော့စားပါ ♦ အဆီအအိမ့်ကဲသော အစာ


အဆီအအိမ့်ကဲတဲ့ အစာတွေစားပြီး အ၀လွန်တာကြောင့် အူမကြီး၊ သားအိမ်၊ ဆီးကျိတ်နဲ့ အရေပြားတို့မှာ ကင်ဆာ
ဖြစ်နိုင်ခြေများပါတယ်။ တိရစ္ဆာန်အဆီ၊ ထောပတ် စတဲ့ အဆီတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

 


 

လျှော့သောက်ပါ ♦ အရက်


အရက်ကို အလွန်အမင်းသောက်တာကြောင့် ခံတွင်း၊ အစာ
ရေမျိုပြွန်နဲ့ အသည်းကင်ဆာဖြစ်နိုင်ခြေများပါတယ်။ အရက် ကို အလွန်အကျွံသောက်ရင် ခန္ဓာကိုယ်ရဲ့ ဘီတာကယ်ရိုတင်း အသုံးပြုနိုင်စွမ်းလျော့ကျစေပါတယ်။ အယ်လ်ကိုဟောဟာ
ဖောလိတ်၊ သိုင်ယာမင်းနဲ့ တခြားဗီတာမင်ဘီအုပ်စုတို့ကို လည်း ချို့တဲ့စေပါတယ်။ ဖောလိတ်ဓာတ်ဟာ ကင်ဆာဆဲလ် ပွားများမှုကို လျော့ကျစေပါတယ်။ ဖောလိတ်ချို့တဲ့တာက သားအိမ်ခေါင်း ကင်ဆာနဲ့ ဆက်စပ်မှုရှိနေပါတယ်။

 

 

များများစားပါ ♦ အချဉ်အရသာရှိသော သစ်သီးများနှင့် အစိမ်းရင့်ရောင် ဟင်းရွက်များ




ဗီတာမင်စီ၊ ဘီတာကယ်ရိုတင်း၊ ဘိုင်အိုဖလေဗိုးနွိုက်နဲ့ အပင်ထွက်ဓာတု ပစ္စည်းတွေပါတဲ့ ချဉ်တဲ့ သစ်သီးတွေ၊ အစိမ်းရင့်ရောင်နဲ့ အ၀ါရောင် ဟင်းသီးဟင်းရွက်တွေဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။






 

လျှော့စားပါ ♦ ကျပ်တင်ထားသောအစာ၊ ကင်ထားသောအစာ၊ ဆီကြော်စာနှင့် တာရှည်ခံအောင် ပြုပြင်ထားသောအစာ


ကျပ်တင်ထားတဲ့၊ ကင်ထားတဲ့၊ တာရှည်ခံအောင်ပြုပြင်ထား တဲ့ အသားတွေ၊ ဆီကြော်စာတွေကို များများစားတဲ့ သူတွေက အစာအိမ်နဲ့ အစာရေမျိုပြွန်မှာအကျိတ်ဖြစ်နိုင်ခြေများပါတယ်။ ကျပ်တင်ထားတဲ့ အစာတွေမှာ ကင်ဆာဖြစ်စေတဲ့ ပိုလီအေရို မက်တစ်ဟိုက်ဒရိုကာဗွန်တို့ ပါဝင်နေပါတယ်။ အချဉ်တည် ထားတဲ့ အစာတွေမှာပါတဲ့ ဆားဟာ အစာအိမ် နံရံကို ထိခိုက်
စေပြီး အကျိတ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ၀က်ပေါင်
ခြောက်နဲ့ ဟော့ဒေါ့တွေမှာ အဓိက တွေ့ရတဲ့ နိုက်ထရိတ်
တွေဟာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

 

 

 

များများစားပါ ♦ အခွံချွတ်မထားသော ကောက်နှံစာနှင့် အမျှင်ဓာတ်များသော အစာများ


ပေါင်မုန့်ညို၊ ဆန်လုံးညိုစတဲ့ အမျှင်ဓာတ်များတဲ့ အစာတွေက အူမကြီးရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ အ မျှင်ဓာတ်များများစားတာကြောင့် ကင်ဆာကို ကာကွယ်နိုင်ပြီး အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အမျှင် ဓာတ်များကို ကယ်လိရီနည်းတဲ့ အစာတွေက အ၀လွန်တာကို ကာကွယ်ပေးပြီး အဆီများတာနဲ့ ဆက်စပ်နေတဲ့ ကင်ဆာဖြစ်
နှုန်းကို လျော့ကျစေပါတယ်။




★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...