19 March, 2015

ဆီးထဲ သွေးပါခြင်း


ဆီးထဲ သွေးပါတဲ့အခါ စိတ်ထဲမှာ တုန်လှုပ်ချောက်ချားတဲ့ ခံစံစားချက်ဖြစ်တတ်ပါတယ်။ တကယ်တော့ ဆီးထဲသွေးပါတဲ့ အခြေအနေအများစုဟာ ကုသလို့ရတဲ့ အခြေအနေဖြစ်တတ်ပါတယ်။ တချို့အခြေအနေ မှာသာကင်ဆာလို ပြင်းထန်တဲ့ ရောဂါတွေနဲ့ ဆက်စပ်မှု ရှိနေတာပါ။


ဆီးထဲ သွေးပါလျှင်


ဆီးထဲ သွေးပါတဲ့အခါ ဆီးအရောင်က ပန်းရောင်၊ အညိုရောင် ဒါမှမဟုတ်အနီရောင် ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်ရံ ဆီးထဲမှာ သွေးခဲတွေကိုလည်းတွေ့ရတတ်ပါတယ်။ ဆီးထဲ သွေးပါတာကို ပကတိမျက်စိနဲ့ မမြင်ရတာမျိုးလည်းရှိတတ်ပါတယ်။ ဓာတ်ခွဲစစ်ဆေးမှု လုပ်တဲ့အခါမှသာ ဆီးထဲသွေးပါတာကို တွေ့ရှိနိုင် ပါတယ်။

ကင်ဆာလက္ခဏာ


ဆီးထဲ သွေးပါတာက ကင်ဆာတချို့ရဲ့ လက္ခဏာ တစ်ရပ်ဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်း ကူးစက်ပိုးဝင် တာ၊ ဆီးကျောက်တည်တာ စတဲ့ ရောဂါဝေဒနာတွေရဲ့ လက္ခဏာတစ်ရပ်ဖြစ်တတ်သလို ဆီးအိတ်ကင်ဆာ၊
ကျောက်ကပ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့ရဲ့ လက္ခဏာတစ်ရပ်အနေနဲ့လည်း ဆီးထဲ သွေးပါတတ်ပါ တယ်။ ဒါပေမဲ့ ဆီးထဲ သွေးပါတဲ့အခါအဖြစ်များတာက ဆီးလမ်းကြောင်းပိုးဝင်တာ၊ ထိခိုက်ဒဏ်ရာရတာ၊ ဆီးကျောက်တည်တာ၊ ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။

တကယ့်သွေးလား


ဆီးထဲ သွေးပါတဲ့အခါ သွေး တကယ်ဟုတ်ရဲ့လားဆိုတာ ဆန်းစစ်သင့်ပါတယ်။ ဥပမာပြောရရင် အမျိုးသမီး
တွေအနေနဲ့ ရာသီသွေးဆင်းတာကို မသိတဲ့အခါ ဆီးသွားစဉ်အတွင်း မိန်းမကိုယ်ကသွေးတွေနဲ့ ရောပြီး ဆီး ထဲ သွေးပါတယ်လို့ ထင်မိတတ်ပါတယ်။မုန်လာဥနီ (Beet) လို အစားအသောက်တွေ စားတာကြောင့် လည်း  ဆီးထဲ သွေးပါတတ်ပါတယ်။ တချို့ဆေးဝါးတွေဟာလည်း ဆီးအရောင်ကို ပြောင်းလဲစေနိုင်ပါတယ်။

သတိပြုရန်


ဆီးထဲ သွေးပါတာနဲ့ အတူ ဖျားတာ၊ ကိုယ်တစ်ခြမ်း နာကျင်ကိုက်ခဲတာစတဲ့ လက္ခဏာတွေ တွဲဖက်ခံစား ရရင်အရေးပေါ်ကုသမှုခံယူသင့်တဲ့အခြေအနေပါ။

ဆီးထဲ သွေးပါတဲ့အခြေအနေ သက်သာစေဖို့ အိမ်တွင်းကုထုံးတွေ၊ ဆေးဖက်ဝင်ပစ္စည်းတွေကို မသုံးသင့် ပါဘူး။ ဆီးထဲသွေးပါတာက ရောဂါ တစ်ခုခု၊ ဝေဒနာတစ်ခုခုရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်တာကြောင့် လက္ခဏာကိုပဲ ကုသသင့်တာမဟုတ်ဘဲ အကြောင်းရင်းကို ရှာဖွေပြီးကုသမှုပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဆီးထဲ သွေးပါတဲ့အခါ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ဇွန်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...