11 December, 2012

အမျိုးသားတို့ အတုယူသင့်သော အမျိုးသမီးတို့၏ အလှအပရေးရာ နည်းလမ်းများ



အမျိုးသားတွေက နံနက်ခင်း ပြင်ဆင်ချိန် မိနစ် ၂၀ ကျော်ပဲ ရှိပြီး  ပျမ်းမျှအားဖြင့် အမျိုးသမီးတွေထက် ခုနစ်မိနစ် ပိုမြန်တယ်လို့ မှတ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ အချိန်တိုတိုအတွင်း ပြင်ဆင်ပြီးပေမယ့် အသားအရေ ထိန်းသိမ်းမှုအတွက် တကယ်လိုအပ်တဲ့ နည်းလမ်းတွေကိုရော လုပ်ဆောင်ဖြစ်ရဲ့လား ဆိုတာကို စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ကျင့်သုံးနေကျ အလှအပလှည့်ကွက်တွေကို အတုယူနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

ဘက်တီးရီးယားတား ဆပ်ပြာဖြင့် မျက်နှာသန့်စင်မှုကို ရှောင်ခြင်း  

အမျိုးသားအများစုဟာ ဆပ်ပြာတုံး တစ်တုံးရှိရင် ခေါင်းအစခြေအဆုံး သုံးတတ်ကြပါတယ်။ ဘက်တီးရီးယားတားတဲ့ ဆပ်ပြာနဲ့ မျက်နှာကို သစ်မယ်ဆိုရင် အသားအရေ ခြောက်သွေ့စေနိုင်ပါတယ်။ အရေပြား ခြောက်သွေ့တာက စပ်ဖျဉ်းဖျဉ်း ဖြစ်စေပြီး အရေပြားအနာတွေ ဖြစ်လွယ်တဲ့အတွက် နူးညံ့တဲ့ သန့်စင်ဆပ်ပြာကို ပြောင်းသုံးပါ။

ခေါင်းလျှော်တိုင်း ကွန်ဒီရှင်နာ သုံးခြင်း  

ခေါင်းလျှော်တိုင်း ကွန်ဒီရှင်နာသုံးတာက ဆံကေသာကို ကျန်းမာ တောက်ပစေပါတယ်။ နေဒဏ်ကြောင့် ဆံပင်အရောင်မွဲခြောက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

နေ့စဉ် နေကာခရင်မ် မှန်မှန်လိမ်းခြင်း  

အမျိုးသမီးအများစုဟာ နေကာနိုင်စွမ်းရှိတဲ့ မိတ်ကပ်နဲ့ အစိုဓာတ်ထိန်းခရင်မ်တွေ လိမ်းလေ့ရှိပေမယ့် အမျိုးသား ၄၇ ရာခိုင်နှုန်းကတော့ နေကာခရင်မ်ကို မလိမ်းကြောင်း အရေပြားကင်ဆာ ဖောင်ဒေးရှင်းအရ သိရပါတယ်။ နေ့စဉ် နေကာခရင်မ် လိမ်းတာက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို ထက်ဝက်နီးပါး လျှော့ချနိုင်ပါတယ်။

ညဘက်တွင် မျက်နှာသန့်စင်ခြင်း  

အမျိုးသမီး အများစုက ချွေးပေါက် ပိတ်ဆို့ပြီး ဝက်ခြံဖြစ်စေနိုင်တဲ့ မိတ်ကပ်တွေကို ညတိုင်း သန့်စင်လေ့ရှိပေမယ့် အမျိုးသားတွေကတော့ မလုပ်ဖြစ်တာ များပါတယ်။ အမျိုးသားတွေဟာ ဆံပင်လိမ်းဆီ၊ တစ်နေ့လုံး ထိတွေ့ခဲ့ရတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ညဘက်မှာ သန့်စင်မှု မရှိတာကြောင့် ဝက်ခြံဖြစ်နှုန်း များတတ်ပါတယ်။

ကြေးတွန်းကျောက် သုံးပြီး ကြေးချွတ်ခြင်း  

ခြေဖနောင့်က အသားမာတွေနဲ့ ခြေထောက်အနံ့ဆိုးထွက်တာ ကင်းဖို့ဆိုရင် ခြေဖနောင့်
ကို ကြေတွန်းကျောက်နဲ့ မှန်မှန် ကြေးချွတ်ကာ အရေပြာဆဲလ်သေတွေကို ဖယ်ရှားပေးရပါမယ်။

မျက်နှာအရေပြား ကြေးချွတ်ခြင်း  

မျက်နှာအရေပြားကို တစ်ပတ်တစ်ကြိမ် ကြေးချွတ်ပေးတာနဲ့ ပေါင်းတင်ပေးတာက ဆဲလ်တွေရဲ့ အသစ်ဖြစ်ပေါ်နှုန်းကို အားကောင်းစေပါတယ်။ ကြေးချွတ်တာကြောင့် အရေပြားရဲ့ အပြင်ဘက် အလွှာရှိ ဆဲလ်သေတွေကို ကွာကျစေပါတယ်။

နှုတ်ခမ်းသားကို စိုပြည်အောင် ထားခြင်း  

အမျိုးသားတွေရဲ့ နှုတ်ခမ်းသားတွေ နူးညံ့ စိုပြည်ဖို့ အရေးကြီးပါတယ်။ နှုတ်ခမ်းသားတွေ နူးညံ့ဖို့ရာအတွက် သွားပွတ်တံအဟောင်း တစ်ချောင်းနဲ့ နှုတ်ခမ်းရှိ ဆဲလ်သေတွေကို ဖယ်ရှားပြီး နှုတ်ခမ်းဆိုး ဆေးအဆီကို လိမ်းပေးဖို့ ဖြစ်ပါတယ်။

အစိုဓာတ်ထိန်းခရင်မ် လိမ်းခြင်း  

ယေဘုယျအားဖြင့် အမျိုးသားတွေရဲ့ မျက်နှာ အသားအရေဟာ အမျိုးသမီးတွေထက် ကြမ်းတမ်း ခြောက်သွေ့နေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ နေ့စဉ် အစိုဓာတ်ထိန်းခရင်မ်ကို မှန်မှန်လိမ်းပေးပါ။

မှဲ့များကို စစ်ဆေးခြင်း  

အမျိုးသားတွေက ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်မှုမှာ အားနည်းတတ်ကြပါတယ်။ တကယ်တော့ တစ်ကိုယ်လုံးရှိ အရေပြားတွေကို တစ်နှစ်တစ်ကြိမ် စစ်ဆေးမှု လုပ်သင့်သလို မိမိဘာသာ တစ်လတစ်ကြိမ် စစ်ဆေး ကြည့်ရှုသင့်ပါတယ်။ မှဲ့တွေ အပြောင်းအလဲဖြစ်ရင် အရေပြားမှာ မသင်္ကာဖွယ်ရာ အစက်အပြောက်တွေ တွေ့ရင် အရေပြားဆရာဝန်ထံ အမြန်ဆုံးသွားပြပါ။

သွားကြားပွတ်ကြိုးကို မှန်မှန်အသုံးပြုခြင်း  

နေ့စဉ် မှန်မှန် သွားကြားပွတ်ကြိုး သုံးတဲ့ အလေ့အထမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ၂၆ ရာခိုင်နှုန်း ပိုများပါတယ်။ သွားနှစ်ချောင်းကြားကို မှန်မှန် သန့်စင်မှု ပြုလုပ်တာကြောင့် သွားကြားရှိ စားကြွင်းစားကျန်တွေကို ကင်းစင်စေပြီး သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

လက်သည်း၊ ခြေသည်း မှန်မှန် လှီးဖြတ်ခြင်း  

လက်သည်း၊ ခြေသည်းတွေကို မှန်မှန် လှီးဖြတ်ပြီး လက်သည်းအောက်မှာ ဘက်တီးရီးယားနဲ့ ဖန်းဂပ်စ်မှိုတွေ ကပ်ငြိမှု မရှိအောင် သန့်စင်ဆေးကြောပေးပါ။ ဒီလိုလုပ်ပြီးရင် လက်ချောင်း၊ ခြေချောင်းတွေကို အစိုဓာတ်ထိန်းလိုးရှင်း လိမ်းလိုက်ပါက လက်ချောင်း၊ ခြေချောင်းတွေ စိုပြည် သန့်ရှင်းနေပါလိမ့်မယ်။

ကေအမ်

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...