28 March, 2013

သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ


တရားထိုင်တယ်ဆိုတာ လွယ်လွယ်ပြောရရင်တော့ ရှုပ်ထွေးပျံ့လွင့်နေတဲ့ စိတ်အာရုံကို ငြိမ်သက်အေး ချမ်းသွားအောင် အာရုံတစ် ခုတည်းမှာ စုစည်းလိုက်တာပါ၊ တရားထိုင်ခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရှေ့တိုင်း တွေးခေါ်ပညာရှင်တွေဟာ နှစ်ထောင်ပေါင်းများစွာ ကတည်းက သိရှိပြီး ပါပြီ၊ အခုအချိန်မှာ အနောက်တိုင်း အတွေးအခေါ်ပညာရှင်တွေကလည်း တရားထိုင်ခြင်းအကြောင်း လက်တွေ့သုတေသန ပြုလေ့လာ ယုံကြည်လာပြီဖြစ်ပါတယ်။



ဘယ်လိုတရားထိုင်ရမလဲ....

တရားထိုင်မယ်ဆိုရင် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ တင်ပျဉ်ခွေထိုင်ပြီး လက်တွေကို ပေါင်ပေါ်တင် ထိ ကပ်ကာ၊ မျက်စိကို မှိတ်ထားပြီး၊ နှာသီးဝက ၀င်လေထွက်လေကိုပဲ အာရုံပြု ရှုမှတ်ရမှာပါ၊ အတွေးတွေ၊ ခံစားချက်တွေ၊ အသံတွေ၊ ပုံရိပ်တွေအားလုံးကို မေ့နိုင်သမျှ မေ့အောင်ကြိုးစားရင်း စိတ်ကို နှာသီးဝမှာ တိုးနေတဲ့ ၀င်လေထွက်လေကိုပဲ အာရုံစိုက်ရမှာပါ၊ စတင်တရားထိုင်ကာစမှာ ငါးမိနစ်လောက်ပဲ ကြိုးစား ကြည့်ပြီး တဖြည်းဖြည်းချင်း ၁၀-မိနစ်၊ ၁၅-မိနစ်ကနေ တစ်နာရီ၊ နှစ်နာရီ အထိ ကိုယ်တတ်နိုင်သလောက် ထိုင်နိုင်ပါတယ်၊ တရားထိုင်ခြင်းအကြောင်းလေ့လာဖို့ သိပ်မခက်ခဲပါဘူး၊ စတင်လေ့ကျင့်ဖို့ပဲ လိုပါတယ်၊ တရားထိုင်တဲ့အချိန်မှာ စိတ်ဟာ ငြိမ်သက်အေးချမ်းမှု ရနေမှာကတော့ အမှန်ပါပဲ။

တရားထိုင်ခြင်းကြောင့် ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရနိုင်ပါသလဲ....

တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို ညီညွတ်မျှတစေပါတယ်၊ တရားထိုင်ခြင်းကြောင့် နာတာ ရှည် နာကျင်မှုဝေဒနာ၊ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ နှလုံးရောဂါ၊ ခုခံအားကျဆင်းမှုဝေဒနာ၊ အမျိုးသမီးရောဂါ စတဲ့ ရောဂါဝေဒနာများစွာကို သက်သာစေပါတယ်။ တရားထိုင်ခြင်းကနေရတဲ့ စိတ်အပန်းဖြေမှု၊ စိတ်ငြိမ်း ချမ်းမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝပျက်စီးမှုကို လျော့ကျစေကာ သွေးဖိအားကိုလည်း ထိန်းညှိပေးပါ တယ်၊ နှလုံးသွေးလည်ပတ်မှု အားကောင်းပြီး အသက်ရှုလမ်းကြောင်းစနစ်ကို အထောက်အပံ့ပေးတဲ့အပြင် ဦးနှောက်လှိုင်းတွေကိုလည်း အားကောင်းစေ ပါတယ်။ ခန္ဓာကိုယ်ကြွှက်သားတွေရဲ့ တင်းအားနဲ့ ညောင်း ညာမှုတွေကို နှိပ်နယ်လိုက်သလို အညောင်းပြေ စေပါတယ်။ ဒါကြောင့် တရားထိုင်တဲ့အကြိမ်နဲ့ အချိန်များ
လေလေ စိတ်ငြိမ်းချမ်းမှု ပိုမိုရှိလေလေပါပဲ၊ တရားထိုင်ခြင်းကြောင့် လျော့ပါးနိုင်တဲ့ ဝေဒနာ တချို့အကြောင်း ကို လေ့လာသုတေသနပြုထားချက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

တရားထိုင်ခြင်းနဲ့ စိတ်ပူပန်မှု
စိတ်ပူပန်မှုဟာ ကြောက်ရွံ့မှု၊ အခက်အခဲကြုံတွေ့မှု၊ ဆိုးရွားတဲ့အကြောင်းတစ်ခုခု-စတာ တွေနဲ့ ဆက်စပ်
နေတဲ့ မသက်မသာစိတ်ခံစားမှု တစ်မျိုးပါပဲ။ စိတ်ပူပန်မှုကြောင့် ခန္ဓာကိုယ်ဟာ ကတုန်ကယင်ဖြစ်ခြင်း၊ တုန်လှုန်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးခုန်နှုံးမြန်ခြင်း၊
ချွေးထွက်ခြင်း၊ လက်တွေ စေးထန်းထန်းဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ပူပန်မှုဖြစ်တာ နဲ့ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းတွေကို အနှောက်အယှက်ပေးတဲ့အထိ ဒုက္ခရောက်ရတတ်ပါတယ်၊ ဒါ့အပြင် စိတ်ပူပန်မှုဟာ နှလုံးရောဂါ သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်၊ ဒါကြောင့် ပူပန်တတ် တဲ့စိတ် မရှိအောင် တရားထိုင်ခြင်းနဲ့ ကုစားနိုင်ပါတယ်၊ တရားထိုင်ခြင်းဖြင့် စိတ်ဟာ ငြိမ်သက်အေးချမ်းနေ ပြီး ပူပန်စရာကြုံတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

တရားထိုင်ခြင်းနဲ့ စိတ်ဖိစီးမှု

ဘ၀ရဲ့အပြောင်းအလဲ၊ အချိုးအကွေ့၊ စိန်ခေါ်မှုတွေနဲ့ လိုအပ်ချက်တွေနောက် လိုက်ရတာ ကိုယ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလှပါတယ်။ စိတ်ဖိစီးမှုမှာ အဆင့်သတ်မှတ်ချက်တွေလည်း ရှိပါတယ်၊ စိတ်ဖိစီးမှုနည်းတဲ့အဆင့်ဆိုရင် သိပ်ပြီးတော့တောင် သတိမထားမိဘဲ ပြေပျောက်သွားတတ်ပါတယ်၊ စိတ်ဖိစီးမှု အလယ်အလတ်အဆင့်မှာဆိုရင်တော့ လူတွေဟာ ဘာမှမလုပ်ချင် မကိုင်ချင်တော့ဘဲ စိတ်ပန်း၊ ကိုယ်ပန်းဖြစ်နေတတ်ပါတယ်၊ စိတ်ဖိစီးမှုဟာ သည်ထက် ပိုများလာပြီဆိုရင်တော့ နာတာရှည်ရောဂါတွေ အပြင် ရောဂါပေါင်းများစွာနဲ့ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှု ဖြစ်ပေါ်နေချိန်မှာ လျော့ကျသွားအောင် တရားထိုင်ပေးနိုင်သလို စိတ်ဖိစီးမှု လုံးဝမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ တရားထိုင်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

တရားထိုင်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်း

ဝမ်းနည်းအားငယ်ပြီး မျှော်လင့်ချက်ကင်းမဲ့နေသလို ခံစားရတဲ့ဝေဒနာဟာ စိတ်ဓာတ်ကျ ခြင်းပါ။ သာမန် ခံစားရတဲ့ ၀မ်းနည်းမှု၊ပူဆွေးမှုနဲ့ အားအင်မဲ့ခြင်းတွေနဲ့ မတူပါဘူး၊ စိတ် ဓာတ်ကျတဲ့လူဟာ သာမန်အချိန်မှာ ထက် တွေးတောခြင်းနဲ့ စကားပြောခြင်း နှေးကွေးလေး လံနေတတ်ပါတယ်။ စူးစိုက်မှုအားနည်းပြီး ဆုံးဖြတ် ချက်ချမှု ခဲယဉ်းကာ စားတဲ့ သောက်တဲ့ အကျင့်တွေတောင် ပြောင်းလဲ သွားတတ်ပါတယ်၊ အရင်တုန်းက စိတ်ဝင်စားခဲ့တဲ့အရာတွေကို စိတ်ဝင်စားမှု ကင်းမဲ့လာပြီး ဘ၀မှာ မရှင်သန်လိုတော့တဲ့အထိ ဖြစ်တတ်ပါ တယ်။ စိတ်ဓာတ်ကျခြင်းဟာ ယောက်ျား မိန်းမ အသက်အရွယ် မရွေးဖြစ်တတ်ပြီး ဆေးကုသခြင်းနဲ့ နှစ်သိမ့်
ဆွေးနွေး အကြံပေးခြင်းတွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်၊ ဓာတ်ကျခြင်းမဖြစ်ပေါ်အောင် တရားထိုင်ခြင်း နဲ့ ကာကွယ်လို့ ရပါတယ်။

တရားထိုင်ခြင်းနဲ့ သွေးတိုးရောဂါ

လူတစ်ယောက်ရဲ့ ပုံမှန်သွေးဖိအားက အပေါ်သွေး ၁၂၀ mmHg နဲ့ အောက်သွေး ၈၀ mmHg လို့ အကြမ်းဖျင်း အားဖြင့် ဆိုပါတယ်။ အပေါ်သွေး ၁၄၀ mmHg နဲ့အထက်၊ အောက်သွေး ၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုး
နေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် လူတစ်ဦးနဲ့တစ်ဦး ပုံမှန်သွေးဖိအားဟာ မတူတတ်ပါဘူး၊ ဒါကြောင့် နေကောင်းစဉ်မှာ ပုံမှန်သွေးဖိအားကို မှတ်သားသင့်ပါတယ်၊ သွေးတိုး ရောဂါဟာ ခံစားရတဲ့အချိန် ကြာလာတဲ့အခါ သွေးကြောတွေ၊ နှလုံးနဲ့ကျောက်ကပ်တွေကို ပျက်စီးစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေ ကို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးရောဂါရှိရင် ဆေးဝါးနဲ့ ကုသခြင်းအပြင် ဘ၀နေထိုင်မှုပုံစံကို ပြောင်းလဲနေ ထိုင်မှသာ နောက်ဆက်တွဲ အန္တရာယ်တွေ မဖြစ်အောင် လျှော့ချနိုင်မှာပါ၊ သွေးတိုးရောဂါကြောင့် ခေါင်းမူး
ခြင်း၊ မောပန်းခြင်း၊ ရင်တုန်ခြင်း-စတဲ့ လက္ခဏာရပ်တွေ သက်သာလျော့ပါးအောင် တရားထိုင်ပေးနိုင်ပါ တယ်။ ကြာရှည် ပုံမှန်တရားထိုင်တဲ့ သူတွေဟာ သွေးဖိအားကို ပုံမှန်ထိန်းညှိပေးနိုင်တယ် လို့ သုတေသီ
တွေက ဆိုပါတယ်။

တရားထိုင်ခြင်းနဲ့ HIV ပိုးရှိခြင်း

HIV ပိုးဟာ ခုခံအားကျဆင်းတဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပြီး HIV ပိုးရှိတဲ့ ဝေဒနာသည်တွေဟာ ကူးစက်ရောဂါ ပိုးတွေနဲ့ တချို့သောရောဂါတွေကို ခုံခံတိုက်ဖျက်နိုင်စွမ်းလျော့နည်းတဲ့အတွက် တုပ်ကွေး၊ ဖျားခြင်း၊ ခန္ဓာ ကိုယ်အလေးအချိန် ကျဆင်းခြင်း၊ တီဘီရောဂါ၊ ရေယုန်နဲ့ မှက္ခရုပေါက်ခြင်း၊ မှိုရောဂါစွဲကပ်ခြင်း၊ ခန္ဓာကိုယ် အနှံ့အပြားတွင် အကျိတ်များထွက်ခြင်းတို့ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ HIV ပိုးရှိတဲ့ ဝေဒနာသည် တွေဟာ စနစ်တကျဆေးကုသမှု ခံယူပြီး အနေအထိုင်၊ အစားအသောက် ဆင်ခြင်ပြီး နေမယ်ဆိုရင် နှစ်အကြာကြီး အသက်ရှင်နေထိုင်နိုင်ပါတယ်၊ ဒါပေမယ့် HIV ပိုးရှိတဲ့သူတွေ အသက်ရှင် ကျန်းမာဖို့ အရေးအကြီးဆုံး အချက်က စိတ်ဓာတ်မကျဖို့နဲ့ ခံနိုင်ရည်ရှိဖို့ပါပဲ၊ ဒီစိတ်ဓာတ် ကြံ့ခိုင်မှုရဖို့ တရားထိုင်သင့်ပါတယ်။

တရားထိုင်ခြင်းနဲ့ စိတ်ကစဥ့်ကလျားရောဂါ

စိတ်ကစဥ့်ကလျားရောဂါသည်တွေဟာ ရှင်းလင်းစွာ တွေးခေါ်နိုင်မှု၊ လူအများနဲ့ ဆက်ဆံနိုင်မှု လုံးဝ မရှိတော့ပါဘူး၊ ဒါကို ကုသဖို့ ဆေးဝါးနဲ့ ကုသဖို့အပြင် နှစ်သိမ့်ဆွေးနွေးအကြံပေး ခြင်းနဲ့ ကောင်းစွာ
ထောက်ပံ့ပေးနိုင်မယ့် အသိုင်းအ၀ိုင်းလည်း ရှိဖို့လိုအပ်ပါတယ်။ စိတ်ကစဥ့်ကလျားရောဂါသည်တွေ စိတ်တည်ငြိမ်လာအောင် တရားထိုင်ခိုင်းကြည့်တဲ့အခါဆေးကုသရာမှာ ထိရောက်တဲ့အကျိုးအာနိသင် ရတယ်လို့ လေ့လာမှုအရ ဆိုပါတယ်။

တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ

တရားထိုင်ခြင်းနဲ့ နှလုံးရဲ့ ကျန်းမာရေးဆက်စပ်ပုံကို မရေမတွက်နိုင်လောက်အောင် သုတေသနတွေ
ပြုလုပ်ခဲ့ပြီးပါပြီ။ နှလုံးရောဂါသည် အများစုဟာ ထိတ်လန့်စရာ နည်းနည်းကြုံတာနဲ့ ရောဂါက ဖောက်လာ တတ်ပါတယ်၊ သူတို့ရဲ့စိတ်မှာ နှလုံးရောဂါ ရှိတယ်ဆိုတဲ့ အသိနဲ့ ထိတ်လန့်ချောက်ချားစရာ ကြုံလို့မရဘူး ဆိုတဲ့ အသိက ဒွန်တွဲနေတာကြောင့်ပါ။ ဒီအသိတွေနဲ့ ထိတ်လန့်ချောက်ချားစရာအပေါ် တုံ့ပြန်နိုင်တဲ့ တည်ငြိမ်မှုရရှိအောင် တရားထိုင်ပေးနိုင်ပါတယ်လို့ စိတ်ပညာရှင်များစွာက အကြံပြု ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဂျာနယ်တစ်ခုရဲ့ လေ့လာဖော်ပြချက်အရ တစ်နေ့မှာ ၁၅-မိနစ်ခန့် ၂-ကြိမ် တရားထိုင်ပေး တဲ့ သွေးတိုးရောဂါရှင်တွေ အနေနဲ့ ၄-လအကြာမှာ သွေးပေါင်ချိန်ဟာ သိသိသာသာ ကျဆင်းမှုရှိတယ်လို့ သိရပါတယ်။ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ သွေးသန့်စင်အားကောင်းကာ နှလုံးကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေပါတယ်။

တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာ ခုခံစွမ်းအား

ခဏခဏ ရောဂါပိုးဝင်လွယ်၊ အအေးမိလွယ်၊ နှာစေးချောင်းဆိုးဖြစ်လွယ်နေရင် ကိုယ်ခန္ဓာခုံခံ စွမ်းအား တက်ဖို့အတွက် တရားထိုင်လိုက်ပါ။ တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာခုခံစွမ်းအား တက်ခြင်းရဲ့ ဆက်စပ်မှုကို လေ့ လာတဲ့ လေ့လာမှုတစ်ခုအရ နေ့စဉ် ၁-နာရီခန့် တရားထိုင်တဲ့ အုပ်စုနဲ့ လုံးဝမထိုင်တဲ့ အုပ်စု နှစ်ခုကို ၈-ပတ်ကြာ လေ့လာအပြီးမှာ တရားထိုင်တဲ့အုပ်စုဟာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဆန့်ကျင်တဲ့ ပဋိဇီဝပစ္စည်းပမာဏများနေတာကို တွေ့ရပါတယ်။

တရားထိုင်ခြင်းနဲ့ မှတ်ဉာဏ်

ပုံမှန်တရားထိုင်တဲ့သူတွေဟာ တရားမထိုင်တဲ့သူတွေနဲ့ နှိုင်းယှဉ်ပါက လေ့လာမှုနဲ့ ပျော်ရွှင်မှု ဆက်စပ်နေတဲ့ ဦးနှောက်ထဲက Gamma လှိုင်းရဲ့ လုပ်ဆောင်မှုကို သိသိသာသာ ကောင်းမွန်စေကာ စူးစိုက်မှုအား၊ မှတ်ဉာဏ်၊ လေ့လာမှုစွမ်းရည်နဲ့ အသိဉာဏ်တို့ကို ပိုမိုတိုးတက်စေပြီး စိတ်ကိုလည်း ရွှင်လန်းစေတယ်လို့ မကြာသေးခင်က လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

တရားထိုင်ခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာ
အိပ်ရာထဲမှာနေပြီး အိပ်မပျော်နိုင်လို့ အတင်းအိပ်ပျော်အောင် ကြိုးစားရင် တလူးလူးတလိမ့်လိမ့်နဲ့ ပိုပြီး အိပ်မပျော်နိုင် ဖြစ်ရပါတယ်။ စိတ်ကို အနားပေးပြီး ခန္ဓာကိုယ်ကို အကြောလျှော့ကာ အနားယူ ပေးပါ၊ ပြီးမှ နှာသီးဝမှာ တိုးဝင်နေတဲ့လေနဲ့ ထွက်နေတဲ့လေကို အာရုံပြုပေးရင် မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။ တရားမှတ်ခြင်းဟာ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတွေလိုပဲ စိတ်ကို ငြိမ်သက်အေးချမ်းစေပါတယ်။

တရားထိုင်ခြင်းနဲ့ ကလေးမရခြင်း

ကလေးမရနိုင်တဲ့ အိမ်ထောင်သည် အမျိုးသမီးတွေဟာ ၁၀-ပတ်ကြာ တရားထိုင်ခိုင်းတဲ့အခါ (တရားထိုင် စဉ်မှာ ကိုယ်လက် လှုပ်ရှားခြင်း၊ အာဟာရပြည့်ဝစွာ မှီဝဲခြင်းတွေ ပြုလုပ်ပြီး) စိတ်ပူပန်မှု စိတ်ဓာတ်ကျမှု နဲ့ ညောင်းညာခြင်းတွေ သက်သာလျော့ပါးကာ ယင်းတို့အထဲက အမျိုးသမီး ၃၄-ရာခိုင်နှုန်းဟာ ၆-လ အတွင်း ကိုယ်ဝန်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရားထိုင်တဲ့ မိခင်တွေဟာ ရင်သွေးကို နို့ချို တိုက်ကျွေးတဲအခါ နို့ထွက်နှုန်း ၂-ဆခန့် ပိုလာတယ်လို့လည်း ဆိုပါ တယ်။

တရားထိုင်ခြင်းနဲ့ ရာသီအကြိုဝေဒနာ

လေ့လာမှုတစ်ခုအရ လစဉ်အကြိုဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ အမျိုးသမီးတွေ တရားထိုင်ပါက
ဝေဒနာရဲ့ ၅၈-ရာခိုင်နှုန်းသက်သာ လျော့ပါးတယ်လို့ ဆိုပါတယ်။

တရားထိုင်ခြင်းနဲ့ သွေးဆုံးချိန် စိတ်ကယောက်ကယက် ဖြစ်ခြင်း

သွေးဆုံးချိန်မှာ တချို့အမျိုးသမီးတွေဟာ ချွေးထွက်ခြင်း၊ ဦးခေါင်း၊ လည်ပင်းနဲ့ ရင်ဘတ်ပိုင်းတွေမှာ နီမြန်းခြင်းတွေဖြစ်ကာ စိတ်ကယောက်ကယက် ဖြစ်တတ်ပါတယ်။ သွေးဆုံးချိန်မှာ အမျိုးသမီးတွေဟာ အီစထရိုဂျင်ဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် ညပိုင်းတွေမှာ ဝေဒနာပေါ်တတ်ပြီး စက္ကန့်ကနေ မိနစ်ပိုင်းအထိ ကြာရှည်ခံစားရတတ်ပါတယ်။ တချို့ အမျိုးသမီးတွေဟာ သွေးဆုံးခါနီးမှာ
ဝေဒနာပေါ်တတ်ပြီး တချို့ အမျိုးသမီးတွေမှာတော့ သွေးဆုံးပြီး တစ်နှစ်၊ နှစ်နှစ်အကြာမှာ ဝေဒနာခံစားရ တတ်ပါတယ်။ တစ်ခါတစ်ရံ သွေးဆုံးပြီး ငါးနှစ်လောက်ကြာတဲ့အထိ ဝေဒနာခံစားရတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဒီဝေဒနာ ဖြစ်ပေါ်ခိုက်မှာ သားဖွားမီးယပ် ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးကုသခံယူဖို့ လိုသလို တရားထိုင်ခြင်နဲ့လည်း ဝေဒနာသက်သာအောင် ကုသနိုင်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...