28 March, 2013

နုံးချည့် ညောင်းညာ ကိုက်ခဲနေသူများအတွက် နည်းလမ်းလေးများ


နုံးချည့်ညောင်းညာကိုက်ခဲမှု ဝေဒနာတွေကို ခံစားရတဲ့အခါ ဘဝဟာ အနှစ်သာရ ကင်းမဲ့သလိုလို မပျော်ရွှင် မှုတွေ ခံစားရတတ်ပါတယ်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တာကြောင့် အချိန်ပြည့် အိပ်ရာထဲခွေပြီး လှဲလျောင်းနေချင်တတ်ပါတယ်။ ဒါကြောင့် နုံးချည့် ညောင်းညာကိုက်ခဲတတ်သူတွေ မေးလေ့ရှိတဲ့ မေးခွန်း
တွေအတွက် ကျွမ်းကျင်သူတွေ ဖြေဆိုထားတဲ့ အဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။



ဒီရက်တွေအတွင်း နုံးချည့် ညောင်းညာကိုက်ခဲနေတာကြောင့် ပင်ပန်းနေရပါတယ်။ သက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲ။
နံနက်ခင်းအချိန်မှာ သင့်ခန္ဓာကိုယ်က နုံးချည့်ညောင်းညာကိုက်ခဲနေသလား၊ လန်းဆန်းမှုရှိသလားဆိုတာ ကို အရင်ဆုံး ဆန်းစစ်သင့်ပါတယ်။ ညတုန်းက ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် တစ်နေ့တာအစီအစဉ်
တွေကို လျှော့ပြီး လုပ်ဆောင်သင့်ပါတယ်။ သင်ခံစားနေရတဲ့ ညောင်းညာကိုက်ခဲမှုဝေဒနာက ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာ ဖြစ်တယ်ဆိုရင်တော့ လုပ်နိုင်သလောက် လုပ်လိုက်ပါ။ ဒါပေမဲ့ အမြဲတမ်း သတိရသင့်တဲ့ အချက်ကတော့ အသင့်အတင့် လုပ်ဆောင်တာက အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အမြဲအာရုံစိုက်ပြီး နုံးချည့်ညောင်းညာကိုက်ခဲသလို ဖြစ်လာရင် အနားယူပေးသင့်ပါတယ်။

ပင်ပန်းနေတဲ့ အခါမှာ ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်သင့်ပါသလဲ။
ဒီအချိန်မှာ ကိုယ်လက်လှုပ်ရှားမှုကို အတန်အသင့် လုပ်ပေးသင့်ပါတယ်။ လှုပ်ရှားမှု လုပ်ပေးတာကြောင့် စိတ်ခံစားချက် ပိုမိုကောင်းမွန်လာပြီး ခွန်အားပိုရှိလာပါလိမ့်မယ်။ ပုံမှန် ညင်သာတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးရင် ကိုက်ခဲမှု၊ စိတ်ဖိစီးမှုနဲ့ တခြား နုံးချည့်ညောင်းညာတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ လမ်းလျှောက်တာ၊ ရေကူးတာ၊ အကြောဆန့်ထုတ်တာ စတဲ့ လှုပ်ရှားမှုတွေကို ဖြည်းဖြည်းချင်း စတင် လုပ်ဆောင်သင့်ပါတယ်။ တကယ်လို့ ပင်ပန်းမှုမရှိဘဲ လုပ်ဆောင်နိုင်တယ်ဆိုရင် နောက်တစ်နေ့မှာ အချိန် နည်းနည်းတိုးပြီး လှုပ်ရှားသွားပါ။

နှိပ်ပေးတာက နုံးချည့်ညောင်းညာကိုက်ခဲမှုကို သက်သာစေနိုင်ပါသလား။
နှိပ်ပေးတာက ကြွက်သားနာကျင်မှုကို ပြေလျော့စေပြီး စိတ်ဖိစီးမှု ကင်းဝေးစေတဲ့ နည်းလမ်းကောင်း တစ်ခုပါ။ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကတို့ ကင်းဝေးစေဖို့ လူအများစုက အနှိပ်ခံလေ့ ရှိကြပါတယ်။ အနှိပ်ခံတဲ့နည်းလမ်းဟာ နုံးချည့်ညောင်းညာကိုက်ခဲမှုကြောင့် ကြွက်သားတွေ တောင့်တင်းနာကျင်နေတာကို သက်သာစေပါတယ်။ တင်းနစ်ဘောလုံး ဒါမှမဟုတ် တင်းမာတဲ့ အသုံးအဆောင်တစ်ခုနဲ့ နာကျင်တဲ့ ကြွက် သားတွေကို နှိပ်ပေးနိုင်ပါတယ်။

ကြွက်သား နာကျင်တောင့်တင်းမှု သက်သာအောင် ဘာလုပ်သင့်ပါသလဲ။
အပူ အထူးသဖြင့် စိုစွတ်တဲ့ အပူပေးကုထုံးဟာ နုံးချည့်ညောင်းညာကိုက်ခဲနေသူတွေမှာ တင်းမာမှုနဲ့ တောင့် တင်းမှုတွေ လျော့ပါးစေပါတယ်။ အကြောင်းကတော့ နာကျင်တဲ့ နေရာဆီကို သွေးစီးဆင်းမှု ကောင်းသွား
စေလို့ပါ။ နာကျင်ကိုက်ခဲတဲ့ နေရာတွေကို နွေးထွေးစိုစွတ်တဲ့ အဝတ်စတစ်စနဲ့ ဖိထားပေးတာ ဒါမှမဟုတ် ကြက်သီးနွေးရေချိုးကန်ထဲ စိမ်ချိုးတာ၊ ကြက်သီးနွေးရေချိုးတာတွေကို လုပ်ဆောင်သင့်ပါတယ်။
ကြွက်သားနာကျင်မှု လျော့ပါးစေဖို့ အအေးဝတ် ကပ်ပေးသင့်ပါတယ်။

အပ်စိုက်ကုထုံးဟာ နုံးချည့်ညောင်းညာကိုက်ခဲမှုကို သက်သာစေနိုင်ပါသလား။
တရုတ်ရိုးရာနည်းလမ်းဖြစ်တဲ့ အပ်စိုက်ကုထုံးဟာ နုံးချည့်ညောင်းညာကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ အပ်စိုက်ကုထုံးဟာ ခန္ဓာကိုယ်က စွမ်းအင်စီးဆင်းမှု ကောင်းစေတဲ့ နေရာတွေကို အပ်သေးသေးလေးတွေ စိုက်ပြီး ကုသမှုပေးတဲ့နည်း ဖြစ်ပါတယ်။ ဒီနည်းဟာ ခန္ဓာကိုယ်ရဲ့ ကိုက်ခဲနာကျင်မှုကို တွန်းလှန်တဲ့ ဓာတ် ပစ္စည်းတွေကို တိုးစေပါတယ်။ အပ်စိုက်ကုထုံးဟာ နာကျင်မှု၊ ညောင်းညာမှုနဲ့ ပူပင်သောကတွေကို   လျော့ပါး စေပါတယ်။

နုံးချည့်ညောင်းညာနေသူတွေ အနေနဲ့ ညဘက်မှာ ကောင်းကောင်းအိပ်ရေးဝဖို့ ဘယ်လိုလုပ်သင့်သလဲ။
နာတာရှည် နုံးချည့်ညောင်းညာကိုက်ခဲနေသူတွေဟာ ကိုက်ခဲတာ၊ ခြေထောက် အငြိမ်အနေနိုင်ဘဲ လှုပ်နေ တာနဲ့ တခြားအကြောင်းပြချက်တွေကြောင့် အိပ်ပျော်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်တွေကို ပုံမှန်ဖြစ်အောင် ကြိုးစားပါ။ နေ့ခင်းဘက် တစ်ရေးအိပ်တာ ကို ရှောင်ပါ။ စာဖတ်တာ နဲ့ ရေနွေးနဲ့ ချိုးတာတွေလို အပန်းပြေစေမယ့် နည်းတွေကိုလိုက်နာပြီး မှောင်ပြီး အေးမြတိတ်ဆိတ်တဲ့ အခန်းထဲမှာ အိပ်စက်အနားယူသင့်ပါတယ်။

နုံးချည့်ညောင်းညာ ပင်ပန်းလွန်းလို့ လူမှုရေးကိစ္စတွေကို ပျက်ကွက်နေရပါတယ်။ ဘယ်လို အဆင်ပြေအောင် ဆောင်ရွက်သင့်ပါသလဲ။
လွယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ တချို့ မဖြစ်မနေ ကိစ္စတွေမှာတော့ ပါဝင်လုပ်ဆောင်သင့်ပါတယ်။ အရာရာတိုင်းအတွက် သင့်မှာ စွမ်းအင်မရှိမှန်း သင့်မိသာစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေက သိနား လည်ပါလိမ့်မယ်။ ဒါကြောင့် အရေးပါပြီး အလိုအပ်ဆုံး ကိစ္စရပ်တွေမှာပဲ ပါဝင်ဆောင်ရွက်သင့်ပါတယ်။

နာကျင်ကိုက်ခဲမှုကို သက်သာစေမယ့် ဖြည့်စွက်ဆေး ရှိပါသလား။
တချို့ ဆေးဖက်ဝင် အပင်ထွက် ဆေးတွေနဲ့ ဖြည့်စွက်ဆေးတွေ (ဥပမာ- မယ်လတိုနင်၊ 5-HTP) ဟာ နာတာရှည် နုံးချည့်ညောင်းညာတဲ့ ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ ဒါပေမဲ့ တချို့ဖြည့်စွက်ဆေးတွေက စနစ်တကျ သုတေသနလုပ်ပြီး လေ့လာထားတာမျိုး မရှိပါဘူး။ ဒါကြောင့် မသုံးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

နုံးချည့်ညောင်းညာနေသူတွေ အနေနဲ့ စိတ်ဖိစီးမှု သက်သာစေဖို့ ဘာလုပ်သင့်သလဲ။
စိတ်ဖိစီးမှု များလွန်းတာက နာတာရှည် နုံးချည့်ညောင်းညာကိုက်ခဲတဲ့ ဝေဒနာတွေကို ပိုပြီး တိုးစေနိုင်ပါ တယ်။ စိတ်ဖိစီးမှုကို လျှော့ချတာကြောင့် စိတ်ဓာတ်ကျတာ၊ ပူပင်သောကများတာ၊ ညောင်းညာကိုက်ခဲ တာနဲ့ အိပ်မပျော်တာတွေ လျော့ပါးသွားစေပြီး အပန်းပြေစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ပြေလျော့စေဖို့ စာဖတ်တာ၊ သီချင်းနားဆင်တာ၊ လမ်းလျှောက်တာတွေကို လုပ်ဆောင်ပေးပါ။ တရားထိုင်တာနဲ့ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...