28 March, 2013

သင်ခံစားနေရသော နာကျင်ကိုက်ခဲမှုက ပုံမှန်လား၊ အန္တရာယ်ရှိလား


လူတိုင်းလိုလိုဟာ ခေါင်းကိုက်ခြင်း၊ ကြွက်သား တင်းတောင့်ခြင်း၊ ဗိုက်နာ ဗိုက်အောင့်ခြင်းစတဲ့ နာကျင်ကိုက် ခဲမှုကို မကြာခဏ ခံစားရတတ်ပါတယ်။ နာကျင်ကိုက်ခဲမှုဟာ ပျောက်လိုက်၊ ပြန်ဖြစ်လိုက် ဖြစ်တတ်သလို နာတာရှည် ခံစားနေရတာမျိုးလည်း ရှိပါတယ်။ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုက ပုံမှန်ပဲလား၊ ပုံမှန်မဟုတ် ဘဲ အန္တရာယ်ရှိသလားဆိုတာ သိနိုင်ဖို့ လိုအပ်ပါတယ်။


ခေါင်းကိုက်ခြင်း
ပုံမှန်အခြေအနေ
ခေါင်းကိုက်ခြင်းဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။ ပြင်းထန်ဆိုးရွားတဲ့  ရောဂါတချို့ ရဲ့ ရှေ့ပြေးလက္ခဏာအဖြစ်လည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ အများအားဖြင့်တော့ ခေါင်းကိုက်တာ ဟာယာယီပြဿနာဖြစ်ပြီး အန္တရာယ်လည်းမရှိပါဘူး။ အကိုက်အခဲပျောက် ဆေးဝါးသောက်ခြင်း ဒါမှမဟုတ်
ရေဓာတ်ဆုံးရှုံးတာနဲ့ နှာခေါင်းပြဿနာတွေကို ကုသခြင်းလောက်နဲ့ သက်သာသွားနိုင်ပါတယ်။
အန္တရာယ်ရှိသော အခြေအနေ
ခေါင်းတခြမ်းကိုက်ခြင်းနဲ့ စိတ်ဖိစီးမှုတို့ကြောင့် နေ့စဉ်လိုလို ခေါင်းကိုက်နေရင်၊ ခေါင်းကိုက်ခြင်းနဲ့တွဲပြီး ကိုယ်လက်နာကျင် တင်းတောင့်နေရင်၊ တနှစ်မှာ ၁၀-ကြိမ်လောက် ခေါင်းကိုက်လိုက်၊ သက်သာလိုက် ထပ်ခါတလဲလဲ ခံစားနေရရင် ဦးနှောက်နဲ့အာရုံကြော အထူးကုဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ် ပါတယ်။

မှတ်ဉာဏ်ပြဿနာ
ပုံမှန်အခြေအနေ
တခုခုကို စူးစိုက်လို့မရခြင်းနဲ့ မမှတ်မိခြင်းဟာ အိပ်ရေးမ၀ခြင်း၊ အလုပ်ကို အလွန်အကျွံ ပြုလုပ်ခြင်းနဲ့ စိတ်ဖိစီးမှု များလွန်းခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ကောင်းကောင်းအနားယူ အိပ်စက်လိုက်တာနဲ့ မှတ်ဉာဏ်ဟာ အရင်လိုပဲ ပြန်ကောင်းလာမှာပါ။ 
အန္တရာယ်ရှိသော အခြေအနေ
စူးစိုက်လို့မရခြင်းနဲ့ မမှတ်မိခြင်းဟာ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုနဲ့ ဆက်စပ်နေရင်တော့ ဆရာဝန်နဲ့ ပြသ သင့်ပါတယ်။ သုတေသနတွေအရ ဦးနှောက်ထဲက Gray Matter တစ်သျှူးအားနည်းခြင်းနဲ့ ဆက်စပ်တဲ့ နာကျင်ကိုက်ခဲမှုတွေဟာ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို ထိခိုက်စေတယ်လို့ သိရပါတယ်။

ဗိုက်နာခြင်း
ပုံမှန်အခြေအနေ
ဝမ်းဗိုက်မအီမသာ ဖြစ်မှုဆိုင်ရာ ရောဂါလက္ခဏာစု (IBS) ဗိုက်နာခြင်း၊ လေပွလေထခြင်း၊ ၀မ်းပျက် ၀မ်းလျှောခြင်း ဒါမှမဟုတ် ၀မ်းချုပ်ခြင်းစတာတွေ ပါဝင်ပါတယ်၊ ဒီပြဿနာ အများစုဟာ မပြင်းထန်ရင် သူ့အလိုလို သက်သာသွားလေ့ရှိပါတယ်။
အန္တရာယ်ရှိသော အခြေအနေ
စိတ်ဖိစီးမှု၊ ဟော်မုန်းအပြောင်းအလဲကြောင့် IBS ဖြစ်စေနိုင်တဲ့အတွက် ဘ၀နေထိုင် စားသောက်မှုပုံစံ 
ပြောင်းလဲရုံ၊ ဆေးသောက်ရုံနဲ့ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ ၀မ်းလျှောခြင်း၊ ၀မ်းချုပ်ခြင်း ဟာ နာတာရှည် ဗိုက်အောင့်ခြင်းနဲ့တွဲပြီး ကြာရှည်ခံစားနေရရင်၊ ဗိုက်အောင့်တာဟာ ဗိုက်ရဲ့ညာဘက် အခြမ်းမှာ ဖြစ်ပေါ်ခံစားရရင် ဆရာဝန်နဲ့ တွေ့ဆုံပြသပါ။

ဇွန်ခိုင်ဦး (ဆေးဝါးကျွမ်းကျင်တက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...