(က)
နေရောင်ခြည်ဖျော့ဖျော့အောက်ရှိ တစ်ညနေတွင် ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ပြီးသစ်ပင်ရိပ်မှာ စာဖတ်နေသော ဖေဖေ့ကို ငေးကြည့်ရင်း ကျွန်မ၏ အတွေးများ အတိတ်ဆီသို့ ပြန်ရောက်သွားကြသည်။ ထိုစဉ်တုန်းက ဖေဖေ သည် အခုလို ကုလားထိုင်ပေါ်မှာ သက်သောင့်သက်သာထိုင်နေနိုင်သည့် အခြေအနေမျိုး မဟုတ်။ အိပ်ရာပြင်ပေါ်တွင် ညည်းညူအော်ဟစ်ရင်း ရောဂါ
ဝေဒနာကို ခံစားနေရသည့် ရောဂါသည် ပုံစံမျိုး။ ထိုစဉ်တုန်းက ကျွန်မ တို့ မောင်နှမများသည်လည်း အခုလို ပူပင်သောကလျော့ပါးနေသည့် အနေ အထားမျိုး မဟုတ်ပြန်။
ဝေဒနာကို ခံစားနေရသည့် ရောဂါသည် ပုံစံမျိုး။ ထိုစဉ်တုန်းက ကျွန်မ တို့ မောင်နှမများသည်လည်း အခုလို ပူပင်သောကလျော့ပါးနေသည့် အနေ အထားမျိုး မဟုတ်ပြန်။
ဖေဖေ့ကိုလည်း အခုလို ခပ်လှမ်းလှမ်းမှ ချစ်ခင်ကြည်ညို စွာငေးမော ကြည့်နေနိုင်သည့် အခြေအနေမျိုးမှာမရှိ။ အခုတော့ ကျွန်မတို့ ဘယ်လောက် စိတ်အေးချမ်းရသလဲ။ လမ်းမလျှောက်နိုင်သေးသော်လည်း ရောဂါဝေဒနာ ကင်းစင်ပြီး ငြိမ်ငြိမ်သက်သက်နှင့်ငြိမ်းအေးစွာ နေနိုင်သော ဖခင်ရယ်၊ ကျန်းမာဖျတ်လတ်ပြီး ချစ်ခင်ရသောမိခင်ရယ်၊ ပြီးတော့ ကျွန်မတို့ မောင်နှမများနှင့် အရာရာကို ရောင့်ရဲစွာ
နေတတ်သော မိသားစုတို့၏ထုံးစံအတိုင်း အေးအေးဆေးဆေးရှိလှသည်။ ကျွန်မတို့ကို လွှမ်းခြုံထွေး ပိုက်ထားသော အိမ်ငယ်လေးသည်လည်း သစ်ပင်၊ပန်းပင်များ၏ အလယ်တွင် တိတ်ဆိတ်ငြိမ် သက်လျက်။
သြော် . . ဒီလိုဆိုတော့လည်း လောကကြီးက နေထိုင်ချင်စရာ ကောင်းပါရဲ့နော်..။
သို့ပေမယ့် အရင်တုန်းကတော့ ဒီလိုအေးချမ်းမနေခဲ့ပါလေ။ ဟိုစဉ်ကတော့ ကျွန်မတို့ မိသားစုကို ပူဆွေး ဝမ်းနည်းစရာ တစ်ခုက လွှမ်းခြုံထားခဲ့ဖူးသည်။ သို့ဆိုတော့ ကျွန်မတို့ကလည်း ပုထုစဉ်လူသားများပီပီ ပူပင်သောက ဟူသမျှကို ရင်နှင့်မဆန့်အောင် လူးလှိမ့်ပူဆွေးမိခဲ့တာပါပဲ။

(ခ)
ထိုစဉ်က ကျွန်မအသက် ဆယ့်နှစ်နှစ်၊မောင်လေးအသက်က ဆယ်နှစ်၊ အကြီးဆုံးမမကမှ ဆယ့်ငါးနှစ်ဆို
တော့ ဆယ်ကျော်သက်အရွယ် ကလေးတွေပဲ ရှိသေးသည်။ သို့ရာတွင် ကျွန်မတို့သည် တခြားကလေးတွေ လို ပျော်ပျော်ရွှင်ရွှင် ဆော့ပြီး မကစားနိုင်ကြချေ။ အေးအေးချမ်းချမ်းလည်း စာမကျက်နိုင်ကြပါ။ စိတ်ကို တင်းထားသော်လည်း ပြင်းထန်နာကျင်လှသော ဝေဒနာကို မခံရပ်နိုင်စွာတစ်ချက် တစ်ချက် အံကြိတ်ရင်း လွင့်ထွက်လာသော ဖေဖေ၏ ညည်းတွားသံကို ကြားရင်း မျက်စိမျက်နှာပျက်ခဲ့ရသည်။ ဖေဖေ့ခြေသလုံး များ၊ လက်များ၊ ပခုံးများကို နှိပ်ပေးရင်းရောဂါဒဏ်ကြောင့် ယခင်နှင့်မတူ ပိန်ခြုံးကျလာသော ဖေဖေ့ကို ကြည့်ရင်း သနားကရုဏာသက်စွာ မျက်ရည်ရစ်ဝဲနေကြသည်။ ဝဲလာသမျှ မျက်ရည်စတို့ကို ဖေဖေမမြင်
အောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ၊ ထိန်းမနိုင်သိမ်းမရဖြစ်လာသည့်အခါ ကျအံ့ဆဲဆဲ မျက်ရည်စတို့ကို အဝေးတစ်နေရာတွင်းရှိုက်ငင်ငိုကြွေးရင်း ပူဆွေးဝမ်းနည်းရမှုဒုက္ခဆိုတာကို ထိုစဉ်ကတည်းက ခံစားနေ တတ်ကြပြီလေ။ကိုယ်လိုချင်တာ မရလို့၊ ကိုယ်ပူဆာတာမရလို့ ဆိုပြီး စိတ်ဆင်းရဲရသည်ဆိုသည့် ကလေး အတွေးမှ ကိုယ်မှီခို အားကိုးနေရသောမိဘတို့၏ ဝေဒနာကြောင့်၊ ကိုယ်ချစ်ခင်မြတ်နိုးရသော မိဘတို့ကို ဆုံးရှုံးမှာ စိုးသောကြောင့်၊မိဘဆိုသည့် အားထားရာ၊ နားခိုရာ အရိပ်ကြီးတစ်ခုခု ပဲ့ကျပြိုပျက်သွားမှာ စိုး
သောကြောင့်. . ထို့အပြင် ကိုယ့်မိဘခံစားနေရသော ဝေဒနာ ယုတ်လျော့နည်းပါးပြီး ပျက်ပြားစေချင်သော
ကြောင့် စိတ်ဆင်းရဲရသည်ဆိုသည့်တည်ငြိမ်သော အတွေးဝင်လာခဲ့ရသည်မှာဖေဖေ နေမကောင်း စဖြစ် လာသည့် အချိန်မှာပေါ့။ ဖေဖေ အရိုးကြည်းပေါင်းတက်ရောဂါ (ဆရာဝန်တို့ ပြောသည်ဟု ကျွန်မမိခင်က ရှင်းပြသည့်ရောဂါ) ဖြစ်မည်လို့ မသိသေးခင်အချိန်က ကျွန်မတို့ မောင်နှမသုံးယောက် စိတ်လက်ပေါ့ပါး
ပျော်ရွှင်ခဲ့ဖူးသည်။ ရောဂါစဖြစ်တော့ လက်တွေ၊ ခြေထောက်တွေ ထုံကျင်ပြီး၊လေးလံပြီး မလှုပ်ရှားနိုင်ရာမှ စသည်။ကျွန်မတို့ကတော့ ဖေဖေ ထိုင်ပြီး စာဖတ်တာများလို့ . . လမ်းလျှောက်တာ နည်းလို့ ..ကိုယ်အလေး ချိန်များလို့ ဖြစ်တာပါဟု ထင်ကာ ထုံကျင်ကိုက်ခဲနေသော လက်နှင့်ခြေထောက်များကို နင်းပေး၊ နှိပ်ပေး
ကြသည်။ စာဖတ်ချိန်လျှော့ဖို့ ဖေဖေ့ကို ပြောဖြစ်သည်။ ကိုယ်ကာယလေ့ကျင့်ခန်းများလုပ်ဖို့ တိုက်တွန်း မိသည်။ သို့ရာတွင် ရောဂါက သက်သာမလာ၊ ပို၍သာ ဆိုးလာသည်။ နီးစပ်ရာ ဆေးမြီးတိုများသုံးသော် လည်း အိပ်ရာပေါ်တွင် လှဲပြီး နေနေရသည့်အခြေအနေသို့သာ ရောက်လာသည်။ မြို့မှဆရာဝန်များ ကလည်း ''လေဖြတ်တာလည်း မဟုတ်ဘူး။ လက်တွေ . . ခြေထောက်တွေ ထိတော့လည်း သိတယ် . . ဒီလိုဆိုရင် မန္တလေးသွားပြီး Medical Checkup(ကျန်းမာရေးစစ်ဆေးမှု)လုပ်ပြီး အဖြေရှာသင့်တယ်'' ဟု
ပြောကြသည်။ ထိုစဉ်ကကျွန်မတို့ နယ်မြို့လေးမှာ ကျန်းမာရေးစစ်ဆေးမှုလုပ်ရန် ကိရိယာအစုံအလင် မရှိ
သေးပါ။ ဒီလိုနှင့် ဖေဖေ့ကို မန္တလေးတွင်ဆေးကုသဖြစ်သည်။ ထိုစဉ်က ဖေဖေနှင့်အတူ မေမေလည်း လိုက် ပါပြုစုရန်လိုသည်မို့ ကျောင်းတက်နေရဆဲ ကျွန်မတို့မှာ ဦးလေး၏ အုပ်ထိန်းမှု အောက်တွင်နေခဲ့ရသည်။ ထိုအချိန်က ကျွန်မတို့ မောင်နှမသုံးယောက်သည် ညအခါ ဘုရားစင်ရှေ့တွင် မျက်နှာငယ်လေးများနှင့် ''ကျေးဇူးရှင်ဖခင်ကြီးကျန်းမာစေဖို့'' ဆုတောင်းကြသည်။ ပြီးတော့ အိပ်ရာမဝင်ခင် တိတ်တိတ်လေး ငိုကြ
ပြန်သည်။ တစ်ယောက်ငိုတော့ တစ်ယောက်က လိုက်ငိုနှင့် မောင်နှမသုံးယောက် တစ်ယောက်နှင့် တစ်
ယောက်ဖက်ကာ ငိုရှိုက်ရင်း အိပ်ပျော်ခဲ့ရသည်။ ကြောက်စရာကောင်းသော အိပ်မက်ဆိုးတို့၏ ခြောက်လှန့် မှုကြောင့် လန့်နိုးရင်းအိပ်ရေးပျက်ခဲ့ရသော ညများသာ ကြီးစိုးခဲ့ရသည်။ နှစ်လခန့်ဆေးကုသပြီး ဖေဖေ ပြန် လာတော့ ရောဂါက သက်သာပျောက်ကင်းပြီလို့မဟုတ်ပြန်။ ဖေဖေ့မှာ နှလုံး၊ သွေးတိုး၊ ဆီးချို စသည့် ဝမ်းတွင်းရောဂါ ဘာမှမရှိ။ သို့ရာတွင် နာတာရှည်ဆန်ဆန် စိတ်ရှည်လက်ရှည်ပြုစု ကုသရမည့် ရောဂါ (အရိုးကြည်းပေါင်းတက်ရောဂါဟုသာ ဆေးပညာနားမလည်သော ကျွန်မမိခင်က ပြောနိုင်သည်။ ကျွန်မတို့ ကြီးပြင်းလာချိန်ရောက်မှ အထူးကုဆရာဝန်များက အဆစ်ရောင်နာနှင့် နာမကျန်းမှုတွဲဖြစ်ခဲ့ပြီး ထိုအနေ အထားအတိုင်း နေချိန်ကြာသွားသဖြင့် အဆစ်များ ခိုင်သွားခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။) ကတော့ အကြီးအကျယ်စွဲကပ်ခဲ့လေပြီ။ ထိုရောဂါသည် ဖေဖေ့အား အိပ်ရာပေါ်မှ မထနိုင်အောင်၊ ကွေးနေသော ဒူးကိုဖြောင့်တန်းစွာ ချမထားနိုင်အောင်ချုပ်ကိုင်ထားခဲ့ပြီ။ ကွေးနေသော လက်ချောင်း၊ ခြေချောင်းတို့ကို သွက်လက်စွာ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားခဲ့ပြီ။
(ဂ)
တကျွတ်ကျွတ်ညည်းညူရင်း ဝေဒနာကို တရားရှုမှတ်ကာ အိပ်ပျော်သွားသော ဖေဖေ့ကို စောင်အသာခြုံပေး
ပြီး ခြင်ထောင်ချပေးခဲ့ရင်း ဖေဖေ့အပါးမှ ကျွန်မတို့ ခွာခဲ့ကြသည်။ ဖေဖေ့ကွယ်ရာမှာ ဖေဖေမသိအောင်၊ မမြင်အောင်၊ မကြားအောင် ရှိုက်ငင်ငိုကြွေးခဲ့ရသော မျက်ရည်များလည်း ရှိခဲ့ပြီ။ ဖေဖေစိတ်မထိခိုက်
အောင်တိုးတိတ်စွာ ပြောရမည့်စကားတို့လည်း ရှိလာခဲ့ပြီ။ ဥပုသ်နေ့မှတပါး မေမေက အိမ်မှာ အနားမနေ ရပေ။ ဈေးမှာ ဖွင့်ထားသော မုန့်ဆိုင်တွင် ဈေးရောင်းရင်း ဝင်ငွေရှာနေရသည်။ ဖေဖေ့ကို အနီးကပ်ပြုစုရန် ဦးလေးနှင့်ကျွန်မတို့သာ အိမ်မှာရှိတာများသည်။ ဖေဖေမကြားနိုင်သော နေရာတွင် ကျွန်မတို့စကားပြော ကြသည်။ ကျွန်မတို့ ထုတ်ဖော်မပြောသော်လည်း ဖေဖေ၏ အသက်အန္တရာယ်ကိုပင် စိုးရိမ်နေကြကြောင်း အချင်းချင်းသိနေကြသည်။ ကျွန်မတို့၏ စိုးရိမ်ရေမှတ်သည်ကျွန်မတို့၏ မျက်ဝန်းများ၊ မျက်နှာများတွင် ထင် ဟပ်ပေါ်လွင်နေသည်ကိုး။
ကျွန်မ၏ စကားသံသည် ခပ်တိမ်တိမ်၊ ခပ်အက်အက် ...
ကိုယ့်အသံကိုပင်ပြန်မမှတ်မိနိုင်လောက်အောင် တုန်နေသည်။ ''ဖေဖေက အရင်လို ဝဝဖြိုးဖြိုးလည်း မဟုတ်တော့ဘူး။ တစ်နေ့တခြား ပိန်လာလိုက်တာ . . မနက်က ထမင်းကျွေးတော့လည်းကောင်းကောင်း မစားနိုင်ဘူး။ ဖျော်ရည်ပဲနည်းနည်းသောက်တယ် ''ဘယ်သူ့ကို ဘယ်သူကမှ မနှစ်သိမ့်နိုင်လောက်အောင် ဝမ်းနည်းမှုကကြီးစိုးနေသည်။ မမကတော့ တိတ်တဆိတ် မျက်ရည်ဝဲရင်းမျက်နှာလွှဲထားသည်။ မောင်လေး ကတော့ယောက်ျားလေးမို့လားမသိ ၊ အေးဆေးသောပုံစံနှင့် တတ်သလောက် နှစ်သိမ့်ရှာသည်။ ''အဲဒီ
လောက် စိုးရိမ်မနေပါနဲ့ . . ဖေဖေက အသက်ရှည်မှာပါ ။ ဒါပေမဲ့ အရင်လိုလမ်းပြန်လျှောက်နိုင်ပါ့မလား မသိဘူးနော်'' ထိုစဉ်တုန်းကတော့ ကျွန်မတို့၏ စိုးရိမ်ပူပင်မှုသည် ဖေဖေ ခံစားနေရသော ဝေဒနာများ၊ ညည်းညူနေရသော ကိုက်ခဲမှုများ ကင်းလွတ်သွားလျှင်ပင် ကျေနပ်ပြီ။ ဖေဖေ၏ ဝေဒနာသာ သက်သာ
လျော့ပါးပါစေဟု ဆန္ဒပြုမိခဲ့သည်။ ကျန်တာက တဖြည်းဖြည်းကောင်းလာလိမ့်မယ်.. လောလောဆယ်
ဖေဖေကောင်းကောင်း စားနိုင်၊ သောက်နိုင်ပြီး စိတ်ချမ်းသာစွာ အိပ်နိုင်၊ အေးအေးဆေးဆေး စာဖတ်နိုင် လျှင် ကျေနပ်ပါပြီ။ မောင်လေး ပြောသည့် ပူပင်မှုမျိုးကတော့ လအနည်းငယ်ကြာမှ ကျွန်မ၏ ရင်ထဲသို့
ရောက်ရှိလာသည်။ ထိုအချိန်ကျတော့ဖေဖေသည် အိပ်ရာနှင့်ကျောချင်းကပ်နေရသည့် အခြေအနေမှ ဟိုဘက်၊ သည်ဘက်လှည့်နိုင်၊ စောင်းနိုင်သည့် အနေအထားသို့ရောက်လာပြီ။ ပက်လက်ကုလားထိုင်ပေါ် ခဏတဖြုတ်ထိုင်နိုင်သည့် အခြေအနေသို့ရောက်နေပြီ။ ပက်လက်အိပ်နေသည့်ဖေဖေကို ကျွန်မတို့က ထမင်းခွံ့ကျွေး၊ မုန့်ကို ခွံ့ကျွေး၊ ရေကို တေ့ကာ တိုက်ရသည့်အနေအထားမှ ထိုင်နေသည့် ဖေဖေကို
ကောင်းစွာကျွေးမွေးပြုစုလာနိုင်ပြီ။ ပြီးတော့ စာဖတ်ဝါသနာကြီးပါရက်နှင့် စာမဖတ်နိုင်သည့်ဖေဖေကို ဘေး မှ ဖတ်ပြရသည့် အခြေအနေမှ ထိုင်နေသည့် ဖေဖေ့ ပေါင်ပေါ်ကို စာအုပ်တင်ပေးပြီး စာကြည့်မျက်မှန် တပ်ပေးကာ ကိုယ်တိုင် စာဖတ်နိုင်သော အခြေအနေသို့ တိုးတက်လာပေပြီ။ သို့သော် ဖေဖေ လမ်းမ
လျှောက်နိုင်သေးပါ။ ထိုအခါကျမှ ကျွန်မ၏ရင်ထဲသို့ မောင်လေး၏ ပူပင်မှုမျိုး ဝင်လာခဲ့ခြင်း ဖြစ်သည်။
(ဃ)
''ငါတော့ ဒီလို လုပ်မယ်စိတ်ကူးတယ်''ကျွန်မရော မောင်လေးပါ စကားစလာသည့် မမကို ကြည့်မိသည်။ ပိန်ပိန်ပါးပါးမမ၏ မျက်ဝန်းမှ စိုးရိမ်ပူပင်မှုအရိပ်တချို့ကို မှန်းဆပြီး ဖေဖေ့အကြောင်း ပြောမှာပဲဟု သိ လိုက်ပြီ။ ဖေဖေ လမ်းမလျှောက်နိုင်သေးသည့် ကိစ္စကို မမလည်း စိတ်ပူနေပြီလေ။ ''ဘယ်လိုလုပ်မှာလဲ'' ဆယ်တန်းကျောင်းသူ မမရယ်၊ ခုနစ်တန်းကျောင်းသူ ကျွန်မရယ်၊ ခြောက်တန်းကျောင်းသားမောင်လေး ရယ်က ကျောင်းပိတ်ရက်မှာ တခြားကျောင်းသားတွေလို မပျော်နိုင်ဘဲ ဖေဖေ့ အကြောင်း ဆွေးနွေးနေကြ
ပြန်သည်။ ''ဒီလိုလေဟာ... မီးမလောင်ပေမယ့်မီးလောင်လို့ဗျို့ မီး မီး ဆိုပြီး အော်ရအောင်။ မီးလောင်လို့.. မီးလောင်လို့.. ဆိုပြီး ငါတို့က ဖေဖေနဲ့ ခပ်လှမ်းလှမ်းမှာ ပျာယာခတ်ပြီးတအားအော်ကြရအောင်၊ ဘယ်သူမှ
ဖေဖေ့ကိုပြေးမပွေ့နဲ့၊ ငါတို့ဘာသာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေသလိုမျိုး နေကြမယ်.. ဖေဖေခေါ် လည်း မကြားချင်ယောင်ဆောင်နေ'' ''အင်း . .အဲဒါကောင်းတယ် . .ဒါမှ ဖေဖေ အထိတ်တလန့်နဲ့ လမ်းထ
လျှောက်လာမှာ ''တက်ကြွစွာ ထောက်ခံပြီး ကျွန်မကဇဝေဇဝါ ဖြစ်လာသည်။ ''ဒါပေမဲ့ ငါတို့အိမ်နဲ့ တခြား အိမ်တွေကဒီလောက်နီးနေတာ... သူများတွေက မအော်ဘဲငါတို့ချည်းပဲ အော်နေရင် ဖေဖေယုံပါ့မလား၊
အောင်မြင်ရင်တော့ ကောင်းပါရဲ့ . .မအောင်မြင်ရင် ဖေဖေ နှလုံးရောဂါရနေဦးမယ်။ ဖေဖေက အစိုးရိမ်က ကြီးက ကြီးနဲ့'' ကျွန်မ စကားဆုံးတော့ အားလုံးငြိမ်သွားပြန်သည်။ မောင်လေးက စိတ်ဓာတ်မကျဘဲထပ်
ပြောသည်။ ''ဒါဖြင့် အိမ်နီးချင်းတွေကို တိုင်ပင်ထားရအောင်လေ'' ''ဒါတော့ မဖြစ်နိုင်ဘူး၊ သူတို့က အလိုလို မှာ ဖေဖေ့ကို သနားနေတာ.. အရက်မသောက်၊ ဆေးလိပ်မသောက်.. မကောင်းမှုမှန်သမျှ ဘာမှမလုပ်တဲ့ သူမှ ဒီလိုဖြစ်ရလားဆိုပြီး စုပ်တသပ်သပ်ဖြစ်နေတာ၊ သွားပြောရင်လည်း ဖေဖေ စိတ်ဆင်းရဲအောင် မလုပ် ပါနဲ့လို့ တားမှာပဲ'' မမ စကားဆုံးတော့ အားလုံးလက်မှိုင်ချရပေပြီ။ သက်ပြင်းကိုယ်စီချပြီး ငိုင်နေမိကြသည်။ ကျွန်မ စိတ်ထဲမှာတော့ တစ်ခုတွေးမိသေးသည်။ ကားတစ်စီးနှင့် ဖေဖေကို မြို့ပြင်တစ်နေရာသို့ ခေါ်သွား မည်။ လူတချို့က တိုင်ပင်ထားပြီး ကျွန်မတို့ကို ဆွဲလား၊ ရမ်းလားလုပ်ခိုင်းမည်။ သည်တော့ ဖေဖေက သားသမီးဇောနှင့် လမ်းလျှောက်ပြီး ကယ်ဖို့ ကြိုးစားမည်ပေါ့လေ..။ ကျွန်မရဲ့ စိတ်ကူးက အဲဒီလို.. သို့သော် ကျွန်မတို့ကလေးတွေနှင့် အလှမ်းကွာဝေးနေသည်က ကားက ဘယ်ကရမလဲ၊ ကျွန်မတို့လို လူသာမန်မှာ ကားက မရှိ၊ ပြီးတော့ ကားရှိသည်ပဲ ထားဦး၊ ဘယ်သူကကားမောင်းမလဲ၊ ရန်ဖြစ်နေခိုက် ကားမောင်းသမား က ဘယ်သွားနေမလဲ၊ အိပ်ရာထဲလှဲနေတာသာ များသည့် ဖေဖေကရော ဘာကိစ္စအတွက် ကားနှင့်မြို့ပြင် လိုက်မလဲ။ အမေးသာရှိပြီး အဖြေမဲ့သည့် ပုစ္ဆာတစ်ပုဒ်သည် ရုပ်ရှင်ဆန်လွန်းလှသည်ဟုတွေးမိပြီး ထို အတွေးကို ကိုယ့်ဘာသာပင် မျိုသိပ်ပစ်လိုက်မိပါတော့သည်။ ထို့အပြင် ထိုနေ့က ကြံစည်သမျှ၊ တွေးတော သမျှ၊ တိုင်ပင်သမျှသည်လည်း ဘာမှအကောင်အထည် မဖော်ဖြစ်ခဲ့ပါ။
(င)
ဖေဖေနေမကောင်းဖြစ်စဉ်က အသက်၁၂နှစ်သာ ရှိသေးသော ကျွန်မသည် အခုဆိုလျှင် ၂၁နှစ်ပင် ပြည့် ခဲ့ပြီ။ ဖေဖေသည် လမ်းမလျှောက်နိုင်သေးသည်က လွဲလျှင် ကျန်အနေအထားအားလုံးသည် သာမန် ကျန်း မာရေးကောင်းသော လူအတိုင်းပဲ ဖြစ်သည်။ အရင်တုန်းက လှုပ်ပင်မလှုပ်နိုင်သော၊ ကွေးညွတ်နေသော လက်ချောင်းများသည် ကျွန်မတို့လိုပင် ကောင်းစွာ အလုပ်လုပ်နိုင်ပါပြီ။ အခုဆိုလျှင် ထမင်းကို ကိုယ့်ဟာ ကိုယ် စားနိုင်ပြီ။ ရေသောက်နိုင်ပြီ။ စာရေးစာဖတ်လုပ်နိုင်ပြီ။ ရေချိုး၊ အဝတ်လဲ အားလုံးလုပ်နိုင်ပြီ။ အရင် က မောင်နှမသုံးယောက်စလုံးဖေဖေ့ကို နှစ်ယောက်က ချိုင်းတစ်ဖက် တစ်ချက်ဆီမှကိုင်၊ တစ်ယောက် က ခြေထောက်နှစ်ချောင်းကို ကိုင်ပြီး ဖေဖေ ရွှေ့လိုသည့်နေရာသို့ ခက်ခက်ခဲခဲရွှေ့ပေးနေရာမှ အခုဆို လျှင် ဖေဖေက လမ်းလျှောက်ရင်း တစ်ယောက်တည်းက ဖေးမကိုင်၍ပင် ရွှေ့နိုင်သည့် အခြေအနေသို့
ရောက်လာပြီ။ ခြံထဲသို့ ဆင်းလိုလျှင်၊ လေကောင်းလေသန့် ရှူလိုလျှင် ဘီးတပ်ကုလားထိုင်ပေါ် ဖေးမကာ တင်ပေးလိုက်ရုံနှင့် ဖေဖေ့ဘာသာသွားလို့ ရနေပြီ။အခုဆိုလျှင် အိမ်လာလည်သည့် ဧည့်သည်တိုင်းဖေဖေ့ ကိုမြင်လျှင် အံ့အားသင့်သွားကြသည်။''အိုး . . အံ့သြစရာပဲနော်၊ အရင်တုန်းက ပိန်သွားလိုက်တာ.. နေ့ လား၊ညလားလို့တောင် ထင်မိတယ်၊ အခုဆိုကြည့်ပါဦး.. သားသမီးတွေနဲ့ အပြိုင် နုပျိုပြီး ဝဖြိုးနေတာပဲ၊ လမ်းမလျှောက်နိုင်သေးတာ တစ်ခုပါပဲ၊ ကျန်တာကတော့ တကယ်လူကောင်းအတိုင်းပဲ''ဧည့်သည်၏ စကား ကို ပြုံးရွှင်စွာ နားထောင်နေသည့် ဖေ့ဖေ့ကို ကြည့်ရင်း ကျွန်မတို့ ပီတိဖြစ်ကြရသည်။ ''ကလေးတို့အဖေ အခုလိုပြန်ပြီး နေကောင်းလာတာ ကလေးတို့ အပြုအစုကောင်းလို့လည်း ပါတယ်နော်'' ထိုစကားကိုလည်း ကျွန်မတို့ ပြုံး၍သာနားထောင်နေပါသည်။ ထိုစကား မှန်သည်လော မပြောတတ်ပါ။ သို့ပေမယ့် ကျွန်မတို့ သည် ဖေဖေ ခံစားနေရသည့် ရောဂါဝေဒနာများ လျော့ပါးသက်သာစေချင်သဖြင့် ဖေဖေ့ရောဂါပျောက်
ကင်း မည်ဆိုလျှင် နေရာချင်းပင် လဲပေးလို့ရပါက လဲပေးချင်ခဲ့သည်။ ထို့ကြောင့် ကျွန်မတို့ တတ်နိုင်သမျှ
တော့ ဖေဖေ့ကို ပြုစုစောင့် ရှောက်ခဲ့ကြတာပဲ ဖြစ်သည်။ တစ်ခါတုန်းက ဖေဖေ့ကို ကုသပေးသော ဗိန္ဓော ဆရာတစ်ယောက်ရှိခဲ့သည်။ ထိုဆရာ၏ ကုသပေးမှုကြောင့် အခန့်မသင့်၍ဖေဖေ သတိလစ်သွားခဲ့သည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသည့် ကျွန်မတို့မှာ ဆောက်တည်ရာမရ ဖြစ်ခဲ့ရသည်။ အားကိုးရာမရ စိတ်ထိခိုက် ခဲ့ရသည်။ ခဏတာဖြစ်ပျက်သွားသည့်ထိုမြင်ကွင်းကြောင့် ကျောင်းတက်ရသည်ကိုပင် စိတ်မဖြောင့်ဖြစ်ခဲ့ရ သည်။ ကျောင်းပိတ်ရက်ဆိုလျှင် အိမ်မှမခွာနိုင်တော့၊ ဖေဖေအပါးမှ မခွာနိုင်တော့။ သို့အတွက် ကျွန်မတို့၏ ငယ်ဘဝများသည် ကလေးတို့သဘာဝအတိုင်း ဆော့ကစားခြင်းဖြင့် ပျော်ရွှင်ကြည်နူးစရာများနှင့် ပြည့်နှက် မနေခဲ့။ အိမ်၏ အမေရှာသော တစ်ခုတည်းသော ဝင်ငွေနှင့် ဖခင်၏ကျန်းမာရေးအကြောင်းတို့ကို သိတတ် နားလည်ကာ လူကြီးဆန်ဆန်ကြီးပြင်းခဲ့ရသည်။ သို့ပေမယ့် ကျွန်မသည် ထို့အတွက်တော့ ဘယ်သောအခါ ကမှဝမ်းမနည်းခဲ့ဖူးပါ။အဘယ်ကြောင့်ဆိုသော် အချိန်များ ကျော်လွန်လာခဲ့သည်နှင့်အမျှ ပြန်၍ တွေးတော ကြည့်လိုက်လျှင် ကျွန်မတို့သည် လွန်ခဲ့သောအချိန်များကို တန်ဖိုးရှိစွာ ဖြတ်သန်းနိုင်ခဲ့သည်ဟု ယူဆသော
ကြောင့်ပင်။ ပြီးတော့ ထိုအရာများထက် ကျွန်မတို့ပိုမိုရရှိခဲ့သည် ကဖခင်တစ်ဦး၏ မေတ္တာနှင့်စေတနာဖြစ် သည်။ ဖေဖေသည် သူနေကောင်းလာသည်နှင့်အမျှတတ်ထားသမျှ အသိပညာများကို ဖြန့်ဖြူလေ့ရှိသည်။
ကျောင်းဆရာဟောင်းပီပီ ဆိုဆုံးမရာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လှသည်။ ပြီးတော့ စာအုပ်များနှင့် ကြီးပြင်းမွေ့လျော်တတ်အောင်၊ စာဖတ်ဝါသနာပါအောင်ဖန်တီးပေးခြင်းဖြင့် အဖိုးတန်မျိုးစေ့တစ်ခုကိုချပေး ခဲ့သည်။ ထို့ပြင် ကောင်းနိုးရာရာ စာအုပ်များ ရွေးချယ်ပေးပြီး ကျွန်မတို့ဘာသာ စိစစ်ရွေးချယ်နိုင်သည် အထိ သင်ကြားပေးသည်။ ထိုအရာများထက် ကျွန်မတို့ ရခဲ့သည်ကဖေဖေ၏ အရိပ်ပင်ဖြစ်သည်။ ဖေဖေ၏ အရိပ်သည် ကျွန်မတို့ကို ခြုံမိုး၍ နွေးစေသည့်အတွက် နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး ကျွန်မတို့ ရာသီဒဏ် မခံခဲ့ရပါ။ သူငယ်ချင်းများအကြားမှာ ''ငါတို့အဖေကလေ'' ဆိုပြီး ပြောခွင့်ရှိသည်ကပင် အားတစ်ရပ်ပဲ မဟုတ်လား။ပြီးတော့ တစ်ယောက်တည်း အိပ်မပျော်သည့်ညများမှာ ဖေဖေ့ဟောက်သံကြားနေရလျှင်ပင်
ကြောက်စိတ်များ လွင့်ပြယ်ကာ လုံခြုံချမ်းမြေ့စေသည် မဟုတ်လား။ ထို.. ထိုအရာများထက် ကျွန်မတို့ရခဲ့ သည်ကတော့ ဖေဖေ့ကို အခွင့်သာခိုက်ကျေးဇူးဆပ်နိုင်ခွင့် ဖြစ်ပါလိမ့်မည်။

(စ)
တစ်နေ့ ဖေဖေက ကျွန်မကို အရင်ဝေဒနာခံစားနေခဲ့ရစဉ်က အကြောင်းများကို ပြန်ပြောပြရင်း စကားတစ် ခွန်း ပြောပါသည်။ ''သမီးရေ.. ဖေဖေကတော့ အဲဒီတုန်းက ကိုယ့်ကိုယ်ကိုယ် သေပြီလို့မှတ်တာ၊ ရောဂါက လည်း မလှုပ်နိုင်အောင် တုပ်ထားပြီး ဝေဒနာကလည်း ဆိုးရွားလှတော့ မသက်သာတော့ဘူး။ ဒီအခြေ အနေကနေ ဘယ်လိုမှတက်မလာနိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်တွေတအားကျသွားလိုက်တာ၊ လူက လဲ၊ စိတ်က လဲ ဆိုတော့ဖေဖေလုံးပါးပါးပြီး ပိန်လာလိုက်တာ၊ သမီးတို့အားလုံးကတောင် ဖေဖေ့ကိုသေပြီမှတ် ကြတာလေ၊ ဖေဖေကလည်းဆေးကုစရိတ်က ကုန်၊ ပြုစုဖို့လည်း လူတွေလိုနဲ့ ကိုယ့်ကိုယ်ကိုယ် လူပိုတစ်
ယောက်လို့သဘောထားမိတော့ သေလည်း မထူးတော့ပါဘူးလို့ တွက်တယ်လေ.. ဒါပေမဲ့ အဲဒီအချိန်မှာ သမီးတို့ သားတို့က ဝိုင်းဝန်းပြီး ပြုစုကြတော့ ဖေဖေ့စိတ်တစ်မျိုးပြောင်းသွားတယ်.. သမီးက ဖေဖေ့ကို ထမင်းကျွေးနေတော့ ဖေဖေက မစားနိုင်ဘူးလေ . . အဲဒီအချိန်မှာ သမီးက 'တစ်လုတ်လောက်တော့စား လိုက်ပါဦး ဖေဖေရယ်.. ဒါလေးတော့ ကုန်အောင် စားလိုက်ပါဦး' ဆိုပြီး ကလေးထမင်းကျွေးသလို အမျိုး မျိုး ချော့ကျွေးတယ်လေ၊ အဲဒီတော့မှ အတွေးဝင်လာတယ်.. ငါသေသွားရင် ဒီကလေးလေးတွေ မျက်နှာ ငယ်ပြီးကျန်ရစ်ကြမှာပဲ ဆိုတဲ့အတွေး၊ငါက သေသွားလို့ ဝေဒနာလွန်မြောက်သွားပြီလို့ မှတ်နိုင်ပေမယ့် သား သမီးလေးတွေကျတော့ လောကအလယ်မှာ ဖတဆိုးလေးတွေအဖြစ်နဲ့ စိတ်ထိခိုက်ရှာမှာပဲ ဆိုတဲ့အတွေး.. အဲဒီတော့မှ ဒီရောဂါကို ငါ့ကလေးတွေအတွက် တိုက်ရဦးမယ်၊ ဒီရောဂါသက်သာမှငါ့သားသမီးတွေ အားရှိ မယ်ဆိုပြီး စိတ်ဓာတ်ကို ပြန်ပြီး အားတင်းခဲ့ရတာ သမီးရဲ့၊ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ သမီးတို့ကိုကြည့်ပြီးမှ
ဖေဖေ ဖန်တီးရယူခဲ့ရတာပေါ့ သမီးရယ်''ဖေဖေ့စကားအဆုံးတွင် အမျိုးအမည်မသိ ပီတိတစ်ခုက ကျွန်မ တစ်ကိုယ်လုံးကိုနွေးသွားအောင် လွှမ်းခြုံသွားစေပါသည်။

ငွေစုစံ
No comments:
Post a Comment