20 November, 2012

သင်ချစ်သောသူတစ်ယောက်၏ နောက်ဆုံးအချိန်မှာ






ဆရာဝန်က သင်ချစ်တဲ့သူ တစ်စုံတစ်ယောက်
သေဆုံးတော့မယ်လို့ ပြောလိုက်တဲ့အခါ သူ့ဘ၀ရဲ့ နိဂုံးဟာ
 တဖြည်းဖြည်းနီးကပ်သထက်နီးကယ်လာပြီဆိုတာ
သင်သိနေပေမယ့် သင့်ဘ၀ထဲကနေ သင်ချစ်တဲ့သူ
ထွက်သွားမှာကို ဘယ်လိုမှခံစားနိုင်မှာမဟုတ်ပါဘူး။

     ဒါပေမယ့်.... ဆရာဝန်ပြောတဲ့ အမှန်တရားနဲ့ သင်ချစ်တဲ့သူရဲ့ ကျန်းမာရေးအခြေအနေကို သင်သိနား လည်ပြီး သင်ချစ်တဲ့သူရဲ့ နောက်ဆုံးရှင်သန်ရာနေ့ရက်လေးတွေမှာ သက်သောင့်သက်သာရှိအောင် ကူညီ
ဖေးမပေးဖို့လိုပါတယ်။ အမှန်တရားကိုသိနားလည်ပြီး လုပ်သင့်လုပ်ထိုက်တာကိုလေးလေးနက်နက် လုပ်ဆောင်တာဟာ သင်ခံစားနေရတဲ့ စိတ်ပူပင်သောကတွေ ကိုလျှော့ချနိုင်ပါတယ်။

ဘ၀ရဲ့ နောက်ဆုံးနေ၀င်ချိန်ရောက်ပြီဆိုတာကို ဆရာဝန်က ဘယ်လိုပြောမလဲ

    တကယ်တော့ လူတစ်ယောက်ဘယ်အချိန်သေလိမ့်မယ်လို့ အတိအကျခံမှန်းပြောဆိုဖို့ရာ အလွန်ခက်ခဲ ပါတယ်။ ဆရာဝန်တွေအနေနဲ့ ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို လ၊ သီတင်းပတ် ဒါမှမဟုတ် နေ့ရက်စတဲ့ ကာလတွေနဲ့ ခန့်မှန်းပြောဆိုတတ်ပါတယ်။ ဥပမာ.. ခင်ဗျားရဲ့ဇနီးဟာ ခြောက်လလောက်ပဲနေရတော့မယ်၊ အစရှိသဖြင့်ပေါ့။ ဒါပေမယ့် သေခါနီးလောက်အောင် နာမကျန်းဖြစ်နေတဲ့သူ တချို့ဟာ ရုတ်တရက်ပြန် လည်နာလန်ထလာနိုင်ပါတယ်။
   တချို့လူနာတွေကြတော့လဲ ခန့်မှန်းထားတဲ့ကာလထက် စောစောသေဆုံးသွားတာမျိုးလဲ ရှိပါတယ်။ ဒါ ဟာလူနာရဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ လူနာကို ပြုစုစောင့်ရှောက်သူတွေရဲ့ အားပေးဖေးမမှုနဲ့လဲ အများ ကြီးသက်ဆိုင်နေပါတယ်။
   သင်ချစ်တဲ့သူဆိုတဲ့နေရာမှာ သင့်မိဘ၊ သင့်ညီအကို၊ မောင်နှမ၊ သင့်ဘ၀အဖော်နဲ့ သင်ချစ်တဲ့သူတွေ အားလုံးကိုဆိုလိုတာပါ။ ယေဘုယျအားဖြင့် သင်ချစ်တဲ့သူဟာ ဘ၀နိဂုံးရောက်ခါနီးမှာ သင်္ကေတလဏ္ခာ များစွာ ဖေါ်ပြနိုင်ပြီး အဲဒါကို မသေဆုံးခင်အဆင့်လို့ခေါ်ပါတယ်။ ဒီလဏ္ခာတွေဟာ မသေခင်နှစ် ပါတ် လောက်အကြာမှာ စတင်ပြသနိုင်ပြီး ပြောင်းလဲနိုင်ပါတယ်။

   အဲဒီသင်္ကေတတွေကတော့ - 

အိပ်ယာထဲက မထနိုင်တော့ခြင်း
အရင်တုန်းက တက်ကြွစွာ လှုပ်ရှားသွားလာခဲ့ဖူးတဲ့ လူတွေတောင် ဘ၀ရဲ့နဂုံးအချိန်မှာ အိပ်ရာထဲကနေ ထဖို့ ခွန်အားရော စွမ်းအင်ပါမရှိတော့ပါဘူး။

ကတုန်ကယင်ဖြစ်ခြင်း
ခန္ဓကိုယ်ဟာ သူ့အလိုလို လှုပ်နေတတ်တာမျိုး၊ အငြိမ်မနေတာမျိုးပါ။

နှစ်ခြိုက်ခဲ့သော လှုပ်ရှားမှုများကို ငြင်းဆန်ခြင်း
သူပျော်ရွှင်သဘောကျခဲ့တဲ့ လူမူရေးဆောင်ရွက်မှုအားလုံးကို ငြင်းဆန်တာပါ။

အိပ်စက်အနားယူလိုခြင်း
သူ့အနေနဲ့ ဘ၀ရဲ့ နိဂုံးနီးတာကြောင့် နေ့ရက်တွေအများစုကို အိပ်စက်ခြင်းနဲ့ပဲကုန်ဆုံးချင်လာပါတယ်။ 

အစားစားလိုစိတ်မရှိခြင်း
သေခါနည်းလူတိုင်းဟာ စားသောက်တဲ့ပမာဏ နည်းသထက်နည်းလာတာဟာ သဘာဝပါ။ သင့်အနေနဲ့ သူမစားချင်တဲ့အစားအသောက်တွေ ဘယ်လောက်ပဲ အာဟာရရှိရှိဇွတ်အတင်း မကြွေးပါနဲ့။ သူစားချင်တဲ့ အစားအစာကိုသာကျွေးပါ။

အသက်ရှုရခက်ခဲခြင်း
သူအိပ်နေတဲ့အချိန်တွင်သာမက နိုးနေတဲ့အချိန်တွေမှာပါဖြစ်နိုင်ပါတယ်။

အနာကျက်ဖို့ခက်ခဲခြင်း
ဒဏ်ရာတွေ၊ ကူးစက်ပိုးဝင်တဲ့အနာတွေဟာ မကျက်လွယ်တော့ပါဘူး။

လက်မောင်းနှင့်ခြေထောက်များ ယောင်ရမ်းခြင်း
လက်မောင်းနဲ့ ခြေထောက်တွေမှာသာမက တစ်ကိုယ်လုံးမှာပါ ရောင်ရမ်းဖောရောင်တတ်ပါတယ်။ 

သေပြီးသူများကို မြင်ယောင်ခြင်း
သူဟာသေပြီးဖြစ်တဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေကို မြင်တဲ့အကြောင်း ပြောပြတတ်ပါတယ်။

မပြီးဆုံးသေးသော လုပ်ငန်းများအကြောင်းပြောခြင်း
သူဟာနှစ်ပေါင်းများစွာကွဲကွာနေတဲ့ သူတွေကို ခေါ်တာတွေ၊ မပြီးသေးတဲ့လုပ်ငန်းအကြောင်းပြောတာတွေ ကို ကယောင်ကတမ်းပြောဆိုပါလိမ့်မယ်။ 

သေမယ့်နေရာရွေးချယ်ခြင်း
သင်ချစ်တဲ့သူဟာ ဘယ်လိုမှာနောက်ဆုံးနေထိုင်လိုတယ်ဆိုတာကို သင့်အနေနဲ့ မေးမြန်းပြောဆိုထားဖို့လို ပါတယ်။ ဒီလိုပြောဆိုရတာဟာ ၀မ်းနည်းထိခိုက်စရာကောင်းပြီး မသက်မသာခံစားရနိုင်ပေမယ့် ဒါမှသာ သင်ချစ်တဲ့သူကို လူ့လောကကနေ နောက်ဆုံးအနေနဲ့ ကျေနပ်စွာထွက်ခွာခွင့်ပေးရာရောက်ပါတယ်။ သူ့ကို ဆေးကုသပေးနေတဲ့ ဆရာဝန်ကို ဒီအကြောင်းဘယ်တော့ပြောမရမလဲ ဆိုတာကိုမေးပါ။ ဒါမှမဟုတ် သင့်အနေနဲ့ သူ့အကြောင်းအလုံးစုံကို သိထားသူဆိုရင်တော့ သူဟာသူ့ဘ၀ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဘယ်နေရာမှာ ရှိချင်တယ်ဆိုတာကို သူ့ကိုမမေးပဲ သင်သိနေနိုင်ပါတယ်။ လူအများစုကတော့ အိမ်မှာပဲ
သေချင်ပါတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒါကလဲအမြဲတမ်းမဖြစ်နိုင်ပါဘူး။

အိမ်
လူအများစုကတော့ သူတို့ကိုယ်ပိုင်အိမ် ဒါမှမဟုတ် သူတို့မိဘနေအိမ်မှာ သေဖို့ရွေးချယ်တတ်ကြပါတယ်။ ဒါဆိုရင်တော့ မသေခင်မှာ ပြုစုဖို့သူနာပြုတစ်ဦးဦးတော့လိုအပ်နိုင်ပါတယ်။ 

ဆေးရုံ
တချို့သူတွေကတော့ အနီးအနားမှာ ဆရာဝန်တွေ၊ သူနာပြုတွေရှိတာကို ပိုသဘောကျတဲ့အတွက် ဆေးရုံ ကို ရွေးချယ်တယ်ပါတယ်။

အထူးကုဆေးခန်း
အထူးကုဆေးခန်းဆိုရင်တော့ ၀န်ဆောင်မှုတွေက အထူးကောင်းမွန်ပါတယ်။ ဒါပေမယ့် အဲဒီဝန်ဆောင် မှုတွေအတွက် ကုန်ကျမယ့်ငွေတွေကိုလဲ ထည့်သွင်းစဉ်းစားပေးဖို့ လိုပါတယ်။


သင်ချစ်သူကို ပြုလုပ်ပေးသင့်သည့်အချက်များ
လူသားအားလုံးက မွေးကတည်းက သေရမယ်ဆိုတာကို သိနေကြပါတယ်။ ဒါပေမယ့် သေဖို့ရက်ဟာ ကိုယ် နဲ့ကိုယ်ချစ်တဲ့သူတွေနဲ့ မဆိုင်သလိုပဲနေထိုင်အသက်ရှင် ကျေနပ်နေကြပါတယ်။ ကိုယ့်အနီးအနားက တစ်စုံ တစ်ယောက်ကို အောက်ပါနည်းတွေနဲ့ ဖေးမဆက်ဆံပေးလိုက်ပါ။

အ၀တ်အစားလဲပေးပါ
သူလဲလျောင်းနေချိန်မှာ သူ့အနေနဲ့ငြီးငွေ့တဲ့ခံစားမှု ရရှိနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် နေ့စဉ်ရေဖတ် တိုက်၊ ကိုယ်လက်သန့်စင်ပြီး အ၀တ်အစားလဲပေးသင့်ပါတယ်။ 

မငိုကြွေးပါနဲ့
သူ့ရှေ့မှာ ငိုကြွေးတာ၊ ငြီးတွားတာ၊ အဆင်မပြေတဲ့အကြောင်းတွေ ပြောဆိုတာတွေဟာ သူ့ကို ပိုပြီးစိတ် ဒုက္ခရောက်စေပါတယ်။ သူ့ရှေ့မှာ ဘယ်တော့မှ မငိုကြွေးမိပါစေနဲ့။ တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ် အေး
အေးဆေးဆေးနေပေးပါ။

တရားခွေဖွင့်ပေးပါ
ကိုးကွယ်ရာ ဘာသာတရားအလိုက် တရားခွေဖွင့်ပေးတာမျိုး၊ တရားစာရွတ်ပေးတာမျိုး၊ တရားအကြောင်း
ပြောပြတာမျိုးဟာ သူ့ကိုပိုပြီးစိတ်သက်သာရာရစေပါတယ်။ ညင်သာစွာအသက်ထွက်နိုင်အောင် အများ ကြီး အထောက်အကူပေးပါတယ်။

ဧည့်သည်တိုင်းနဲ့ ပေးမတွေ့ပါနဲ့
လူနာကို လာမေးတဲ့ ဧည့်သည်တွေက တဖွဲဖွဲရောက်လာပါလိမ့်မယ်။ နောက်ဆုံးအချိန်မှာ နောက်ဆံတင်း
စေမယ့် ဧည့်သည်တွေနဲ့ တွေ့ပေးတာမျိုး၊ ဧည့်သည်တွေနဲ့တွေ့ပြီးပင်ပန်းတာမျိုးမဖြစ်အောင် ဂရုစိုက်ပေး ပါ။

လေကောင်းလေသန့်ရပါစေ
လူနာကို ထားတဲ့နေရာဟာ လေကောင်းလေသန့်နဲ့ အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမျိုးဖြစ်သင့် ပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့ ပါတ်ဝန်းကျင်ဆိုရင် လူနာအတွက်ပိုပြီးသက်သောင့် သက်သာရှိစေပါ တယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...