30 May, 2013

အစာခြေစနစ်ဆိုင်ရာ ပြဿနာများ ကင်းဝေးပြီး အစာခြေလမ်းကြောင်းစနစ် ကျန်းမာစေရန်


လူအများစုဟာ ၀မ်းချုပ်တာ၊ ၀မ်းလျှောတာ၊ လေပွတာ၊ ပျို့အန်ချင်ဖြစ်တာ၊ အန်တာ စတဲ့အစာခြေလမ်း
ကြောင်းဆိုင်ရာ ပြဿရာတွေကို တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ခံစားရတတ်ပါတယ်။ ဒီဝေဒနာသက် သာအောင် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ အကြံပြုချင်ပါတယ်။


(၁) အကျိုးပြုဘက်တီးရီးယား ပါဝင်သော အစာကိုထည့်စားပါ


ဒိန်ချဉ်၊ မုန်ညင်းချဉ်၊ အုန်းရေ၊ ပဲပုပ်စေ့နဲ့ တခြား အချဉ်တည်ထားတဲ့ အစာတွေမှာ အကျိုးပြုဘက်တီးရီး ယားတွေ ပါဝင်နေပါတယ်။ ဒီအစာတွေမှာ အစာကြေညက်ဖို့အတွက် လိုအပ်တဲ့ ခန္ဓာကိုယ်ရဲ့ မိုက်ခရိုသြဂဲ နစ်ဆမ်နဲ့ တူတဲ့ lactobacillus နဲ့ bifidobacterium ဘက်တီးရီးယားတွေလည်း ပါဝင်ပါတယ်။

(၂) အမျှင်ဓာတ်ပါသော အစာတို့ကို စားပါ


လူအများစုဟာ အစာကြေညက်ဖို့အတွက် အမျှင်ဓာတ် ၂၀-၃၅ မီလီဂရမ်လောက် လိုအပ်ပါတယ်။ ဒါကြောင့်
အမျှင်ဓာတ်ပါဝင်တဲ့ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက်တွေကို သင်စားတဲ့ အစာပမာဏရဲ့ ၇၅ ရာခိုင်နှုန်းခန့် ပြည့်မီအောင်စားသင့်ပါတယ်။ ပျော်ဝင်တဲ့ အမျှင်ဓာတ်မှာ မုန်လာဥနီ၊ သခွားသီး၊ ပဲနီလေး၊ ဂျုံမှုန့်၊ စတော်ဘယ်ရီ၊ သစ်တော်နဲ့ လိမ္မော်သီး တို့လို အစာတွေ ပါဝင်ပါတယ်။ ဒီအရာတွေက ရေဓာတ်ကို ဆွဲယူပြီး ဂျဲလ်အသွင်ဖြစ်စေကာ ကယ်လိုရီနည်းနည်း နဲ့ အမြန်ဗိုက်ပြည့်စေပါတယ်။

မပျော်ဝင်တဲ့ အမျှင်ဓာတ်မှာ အခွံမာသီး၊ အစေ့အဆန်၊ ဆန်လုံးညို၊ တရုတ်နံနံပင်၊ ကြက်သွန်နီ၊ အရောင် ရင့်တဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်ပြီး ရေကို မစုပ်ယူနိုင်ပေမယ့် အစာခြေစနစ်ထဲကို အစာတွေ မြန်မြန်
ရောက်အောင် ကူညီပါတယ်။

တချို့အမျှင်တွေကို "Pre-biotics" လို့ခေါ်ပြီး အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ကြက်သွန်နီ၊ ကြက်သွန်
ဖြူနဲ့ ငှက်ပျောသီးတွေထဲမှာ တွေ့ရပါတယ်။ အကျိုးပြုဘက်တီးရီးယားနဲ့ ဆင်တူတဲ့ ဘက်တီးရီးယားတစ်မျိုး
ဖြစ်ပြီး ဒီအမျှင်ဓာတ် နည်းသွားပါက အူထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေ ကို ပွားများစေတယ်လို့ ဆို ပါတယ်။

(၃) အစာထဲက အဆီနှင့် သကြားကို လျှော့ချပါ


အဆီနဲ့ သကြားဟာ အစာချေဖျက်နှုန်း နှေးတဲ့အပြင် ၀မ်းချုပ်စေပါတယ်။ ပမာဏများများစားရင်ဗိုက်နာစေ
နိုင်ပါတယ်။ သကြားနဲ့ အဆီပါဝင်မှုများတဲ့ ပြုပြင်ထားတဲ့ အစာတွေကို လျှော့ချလိုက်ရင် ဓာတုပစ္စည်းတွေနဲ့ သကြားဓာတ်တွေလည်း ရရှိမှုနည်းသွားနိုင်ပါတယ်။

(၄) ရေများများ သောက်ပါ


အမျှင်ဓာတ်နဲ့ ရေကိုတွဲပြီး စားသောက်တာကြောင့် အစာကြေညက်နှုန်းကို ပိုမိုကောင်းမွန်စေပါတယ်။ ဆရာဝန်အများစုက တစ်နေ့ ရေရှစ်ခွက်သောက်ဖို့ ညွှန်ကြားထာပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါနဲ့
ချွေးထွက်များတဲ့အခါတွေမှာ ရေကိုပိုသောက်သင့်ပါတယ်။

(၅) တစ်နေ့ အစာနည်းနည်းနှင့်မကြာခဏ စားပါ


အစာများများစားရင် ရင်ပူတာနဲ့ အက်စစ်အထက်ကို ဆန်တက်တာကို ဖြစ်စေတဲ့အတွက် အစာကို နည်း နည်းနဲ့ မကြာခဏစားပေးပါ။ အစာပမာဏနည်းလေ၊ အစာချေဖျက်နှုန်းကောက်းလေ ဖြစ်တာကြောင့် နည်းနည်းနဲ့ မကြာခဏ စားပေးသင့်တာဖြစ်ပါတယ်။

(၆) အဆီနည်းသော ပရိုတင်းဓာတ်ကို စားပါ


ငါးနဲ့ အဆီနည်းအသားတို့လို အဆီနည်းတဲ့ ပရိုတင်းဓာတ်တွေက ကြွက်သားတွေကို ကျန်းမာစေပါတယ်။ အဆီနည်းအသားတွေကို စားတာကြောင့်ရင်ပူနှုန်း သက်သာပြီး အစာကြေလွယ်ပါတယ်။ ယေဘုယျ အား
ဖြင့် အဆီများတဲ့အစာတွေက အဆီနည်းတဲ့ အစာတွေထက် အစာကြေညက်ဖို့ အချိန်ကြာတတ်ပါတယ်။

(၇) တစ်နေ့ မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ပါ


လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်လုံးအတွက် အကျိုးရှိသလို အစာခြေစနစ်ကျန်းမာရေးကိုလည်း ကောင်း မွန်စေပါတယ်။ လေ့ကျင့်ခန်းကြောင့် အစာတွေက အစာခြေစနစ်ထဲကို မြန်မြန်ရောက်ရှိကာ အစာကြေ လွယ်ပြီး ၀မ်းမှန်မှန်သွားစေပါတယ်။

(၈) စီးကရက်နှင့်  အယ်လ်ကိုဟောကို ရှောင်ပါ


စီးကရက်နဲ့ အရက်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ ပျို့အန်ချင်စိတ်ကို ဖြစ်စေပြီး ကျန်းမာရေးနဲ့ ညီညွတ် တဲ့ အစာတွေကို ရွေးချယ်စားသောက်နိုင်စွမ်း လျော့ကျသွားတတ်ပါတယ်။ ကဖင်းဓာတ်ဟာ အစာအိမ်ထဲ က အက်ဆစ်ပမာဏကို မြင့်တက်စေပြီး ရင်ပူတာနဲ့ အက်စစ်အထက်ကို ဆန်တက်တဲ့ ပြဿနာ ကိုဖြစ်စေ
နိုင်ပါတယ်။

(၉) စိတ်ဖိစီးမှုကို လျော့ချပါ


စိတ်ဖိစီးမှုကြောင့် ကိုယ်အလေးချိန် မြင့်တက်တာ၊ ၀မ်းချုပ်တာ၊ ၀မ်းလျှောတာနဲ့ ကိုယ်ခံစွမ်းအား စနစ်
လျော့ကျတာတို့ကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ အစာအိမ်အနာဖြစ်စေတဲ့ H. Pylori ဘက်တီး ရီးယား ပေါက်ဖွားနှုန်း များစေလို့ပါ။ ယောဂ၊ တရားထိုင်တာ၊ အနှိပ်ခံတာနဲ့ တခြားအပန်းဖြေတဲ့ နည်းတွေ ဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး အစာကြေညက်စေပါတယ်။

(၁၀) မသက်သာလျှင် ဆရာဝန်နှင့်ပြပါ


အထက်ပါနည်းလမ်းတွေကို  လိုက်နာတာတောင် အစာနဲ့ ဓာတ်မတည့်တာ၊ အစာမကြေတာ၊ လေပွတာ၊ ၀မ်းချုပ်တာ စတဲ့ အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေ ခံစားနေရတုန်းဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုအပ်နေ ပါပြီ။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...