05 April, 2013

အတာရေစိုရွှဲ ကျန်းမာလှပမြဲဖြစ်အောင်



အခုဆိုရင် လူတိုင်း မျှော်လင့်နေကြတဲ့ အတာရေသဘင်ပွဲတော်ကြီး နီးကပ်လို့ လာပါပြီ။ ဒီသင်္ကြန်မှာ ဘယ်မဏ္ဌပ်ထိုင်မယ်၊ ဘယ်ကားနဲ့လည်မယ်၊ ဘယ်နေရာကို ခရီးသွားမယ်၊ ဘယ်လို ဖက်ရှင်ဝတ်မယ် စသဖြင့် စိတ်ကူးယဉ်တွေးတောနေလောက် ပါပြီ။ ဒါကြောင့် အတာသင်္ကြန်ပွဲမှာလူတိုင်း ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်၊
လှလှပပ ဆင်နွဲနိုင်ပြီး နှစ်သစ်ကူးကာလကို ကြိုဆိုနိုင်ဖို့ လိုက်နာသင့်တဲ့ နည်းလမ်း
ကောင်းတွေကို အကြံပြုချင်ပါတယ်။


အသားအရေကို ဂရုစိုက်ပါ
နေရောင်ကို တိုက်ရိုက်ထိနေရင် ခရမ်းလွန်ရောင်ခြည် UV ဒဏ်ကြောင့် အသားအရေကို ထိခိုက်စေနိုင်ပါ တယ်။ အသားအရေကို ခြောက်သွေ့စေနိုင်တယ်၊ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နေရောင်နဲ့ထိမယ့်နေ ရာတွေကို သွားမယ်ဆိုရင် နေရောင်ခံခရင်မ် လိမ်းသင့်ပါတယ်။

အသားအရေကို အဆင့်ဆင့် ထိန်းသိမ်းပါ
အသားအရေမှာ ချွေးပေါက်တွေကို ကျဉ်းစေဖို့ တိုနာလိမ်းရမယ်။ ပြီးရင် အစိုဓာတ်ထိန်းဖို့ အစိုဓာတ်ထိန်း ခရင်မ် (Moisturizer) လိမ်းရပါမယ်။ အပေါ်ကနေမှ မိတ်ကပ်ဆိုပြီး သုံးဆင့်လိမ်းကြပါတယ်။ အဲဒီလိုလိမ်းတဲ့ အထဲမှာ တစ်ခါတလေ Moisturizer ထဲမှာ နေရောင်ကာခရင်တွေလည်းပါတတ်ပါတယ်။

ဆံပင်သား မပျက်စီးအောင် ဂရုစိုက်ပါ
သင်္ကြန်ရေကစားချိန်မှာ ဆံပင်ကိုနေဒဏ်ကြောင့် မထိခိုက်အောင် သေချာကာကွယ်ပါ။ ဆံပင်ကို ဒီ အတိုင်း ဖြန့်ချထားမယ်ဆိုရင် နေရောင်ကာကွယ်နိုင်တဲ့ ဆံပင်လိမ်းဆီကို လိမ်းပေးပါ။ ဖြစ်နိုင်ရင်အနား ခပ်ကြီးကြီး ပါတဲ့ ဦးထုပ်ဝိုင်းကို ဆောင်းပါ။ ဆံပင်ကို လုံးဝမထိခိုက်စေချင်ရင်တော့ ဆံပင်တွေအားလုံးကို သိမ်းပြီးခေါင်းစွပ်လှလှလေးဝယ်ကာ သင်္ကြနဖက်ရှင်ဝတ်စုံအရောင်နဲ့လိုက်ဖက်အောင် ဖက်ရှင်ထွင်ပြီး ၀တ်ဆင်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ရောင်စုံပ၀ါလေးတွေကို ခေါင်းမှာ လှလှပပ ချည်နှောင်ပြီးစတိုင် ထုတ်နိုင်ပါတယ်။
ရေကစားပြီး ပြန်လာချိန်မှာ အရင်ဆုံး သင်္ကြန်ရေထိထားတဲ့ ဆံပင်နဲ့ခန္ဓာကိုယ်ကို သန့်စင်တဲ့ ချိုးရေနဲ့ ရေ ချိုးသန့်စင်လိုက်ပါ။ ဆံပင်ကိုရှမ်ပူသုံးပြီး သန့်ရှင်းစင်ကြယ်သွာေးအာင် လျှော်ပေးပါ။ ပြီးရင် ဆံပင်သား နွမ်း နယ်ခြောက်သွေ့မှု ကင်းစေဖို့ ကွန်ဒီရှင်နာ များများလိမ်းပေးရပါမယ်။ သင်္ကြန်ကာလပြီးဆုံးချိန်မှာ ဆံပင် သားကိုပေါင်းတင်ပေးဖို့ အရေးကြီးပါတယ်။

သင်္ကြန်ကာလ ပင်လယ်ကမ်းခြေသွားမည်ဆိုလျှင် သတိပြုပါ
ပင်လယ်ကမ်းခြေတွေ သွားတဲ့အခါမှာ နေရောင်ခြည်က ထီးထီးကြီးနဲ့အကာအကွယ်မရှိဘဲ သွားမယ်ဆိုရင် SPF ၅၀ဆ လောက်ပါတဲ့ ခရင်မ်ကိုလိမ်းသင့်ပါတယ်။ ရန်ကုန်လိုနေရာမျိုးမှာဆိုရင် SPF ၁၅၊ ၂၀ လောက် လိမ်းရင်ရပါတယ်။ နေရောင်ခံမိပြီးတဲ့အခါမှာလည်း ဘယ်လောက်နေရောင်ထိခဲ့လဲ၊ အသားအရေက ဘယ်လောက်ပျက်စီးသွားလဲဆိုတာပေါ်မှာ မူတည်ပြီး မျက်နှာပေါင်းတင်တာမျိုးတွေ၊ အသားအရေကို
ပြန်လည် ထိန်းသိမ်းတာတွေ လုပ်ပေးသင့်ပါတယ်။

နာမကျန်းမှုမဖြစ်အောင် အထူးသတိထားပါ
သင်္ကြန်ကာလမှာ ရေစိုလိုက်၊ ခြောက်သွားလိုက်ဖြစ်တာကြောင့် ရေစိုဝတ်နဲ့ နေတဲ့အခါ ကိုယ်ခံစွမ်းအား စနစ်အားနည်းတဲ့သူတွေက နာမကျန်းမှုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံစွမ်းအား စနစ် အားနည်းတဲ့ သူတွေအနေနဲ့ အအေးဒဏ်မခံနိုင်ရင် မိုးကာအင်္ကျီလိုအင်္ကျီကို ၀တ်ပြီး သင်္ကြန်ကာလနွှဲပျော်သင့်ပါတယ်။

ချွေးထွက်တက်ရင် ရေဘူးဆောင်ထားပါ
အထူးသဖြင့် လှုပ်ရှားမှု နည်းနည်းလုပ်ရုံနဲ့ ချွေးထွက်တက်သူတွေအနေနဲ့ သင်္ကြန်ကာလမှာ ကခုန်ပျော်ပါး ရတာ၊ မြူးထူးအော်ဟစ်ရတာတွေကြောင့် ချွေးထွက်များလာရင် ရေဓာတ်ခမ်းခြောက်မှုမဖြစ်စေဖို့ ရေဘူး
အမြဲဆောင်ကာ ရေသောက်ပေးရပါမယ်။

နားကို ကာကွယ်ပါ
သင်္ကြန်ကာလ ရေပက်ခံထွက်သူတွေ အထူးသတိထားသင့်တာက နားထဲကိုရေမ၀င်စေဖို့ပဲ ဖြစ်ပါတယ်။ သကြန်ကာလ ရေပက်ခံမထွက်ခင်မှာ နားကို ကလော်တာမျိုးလည်းမလုပ်ပါနဲ့။ နားကလော်ထားပြီး နားစည် ထိရှလွယ်တဲ့ အခြေအနေမှာ နားထဲ ရေ၀င်ရင်၊ ရေပိုက်နဲ့ထိုးတာခံရရင် နားပြည်တည်တာ၊ နားစည်ထိခိုက် တာ၊ နားအူတာ စတဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။

နေကာမျက်မှန်တပ်ပါ
သင်္ကြန်ကာလမှာ နောက်ထပ်သတိထားရမယ့်အချက်က သင့်မျက်လုံူးတွေကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ သကြန်ကာလကျရောက်တဲ့ အခါသမယက နွေရာသီဖြစ်သလို နေပြင်းပြင်းပူတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒီအချိန်မှာ အပြင်ထွက်ပြီး လည်ပတ်တဲ့အခါ မျက်စိကို ခရမ်းလွန်ရောင်ခြည်ဒဏ် မကျရောက်စေဖို့နဲ့ မျက်စိ ထဲရေ၀င်ပြီး ကျိန်းစပ်မှုမဖြစ်စေဖို့ရာအတွက် နေကာမျက်မှန်ကို မဖြစ်မနေ တပ်ဆင်သင့်ပါတယ်။ နေကာ မျက်မှန် လွင့်စွင်တာနဲ့ ကွဲအက်တာတွေမဖြစ်အောင်လည်း အထူးသတိထားရပါမယ်။

အာဟာရ ပြည့်ပြည့်၀၀ ရရှိအောင်စားသောက်ပါ
သင်္ကြန်ကာလမှာ ရေစိုတဲ့အချိန်ကများတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကထိခိုက်နေတတ်ပါတယ်။ ဒီအချိန်မှာ အစားအသောက်ကို အားဟာရပြည့်အောင်စားသောက်ပြီး ကိုယ်ခံစွမ်းအားစနစ်ကိုပြန် လည် ကောင်းမွန်အောင် တည်ဆောက်သင့်ပါတယ်။ အထူးသဖြင့် ပူနွေးလတ်ဆတ်တဲ့ အစားအသောက်
တွေကို စားပေးပါ။ ယင်နားစာတွေ၊ ၀မ်းနူးလွယ်စေတဲ့အစာတွေနဲ့ မသန့်ရှင်းတဲ့ အစာတွေကို လုံးဝမစား သင့်ပါဘူး။

အိပ်ရေး၀၀ အိပ်စက်အနားယူပါ
သင်္ကြန်ကာလမှာ တစ်နေ့လုံး ပျော်ခဲ့ပြီးပြီဆိုရင် ညအိမ်ပြန်ရောက်ချိန်မှာ အရက်ကို မသောက်သင့်တော့ ပါဘူး။ အရက်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ရေဓာတ် ခမ်းခြောက် မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ညဘက် အိမ်ပြန်ရောက်တဲ့အခါ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပြီးအပန်းပြေအောင် နေကာ နွားနို့ပူပူတစ်ခွက်သောက်ကာ အိပ်စက်အနားယူလိုက်ပါ။ ဒါမှ အိပ်ရေး၀၀ အိပ်ပျော်မှာ ဖြစ်ပြီး နောက်တစ်နေ့ နံနက်နိုးထလာချိန်မှာ လန်း လန်းဆန်းဆန်းနဲ့ အတာသင်္ကြန်ကာလကို ဆက်လက်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်။

အပျော်မကြူးပါနဲ့
မြန်မာ့နှစ်ကူးရက်မြတ်ကို ကြိုဆိုတဲ့ သင်္ကြန်ကာလက ပျော်ရွှင်စရာ အချိန်ကောင်းပါ။ ဒီအချိန်မှာ ပျော်ပျော် ရွှင်ရွှင်နွှဲပျော်တာက သဘာဝကျပါတယ်။ ဒါပေမယ့် အပျော်တော့မကြူးလိုက်ပါနဲ့။ အတာသင်္ကြန်ကာလ အပျော်ကြူး အမူးလွန်ရာက ယာဉ်မတော်တဆ ထိခိုက်မှုတွေဖြစ်ပြီး ဆေးရုံရောက်သူတွေ၊ လူငယ်အချင်း ချင်း ရန်ဖြစ်ကာ ခေါင်းပေါက်ထိပ်ကွဲဖြစ်သူတွေ၊ အရက်အမူးလွန်ရာက သတိလစ်မေ့မျောသွားသူတွေ၊
တွေ့ကရာ အပြင်စာ အစားအသောက်ကို စားတာကြောင့် ၀မ်းပျက်ဝမ်းလျှောဖြစ်ကာ ဖျားနာသူတွေ၊ အရက်နာကျဝေဒနာ ခံစားရသူတွေ အများအပြားရှိပါတယ်။ နှစ်သစ်ကူးကာလာကို ကြိုဆိုတဲ့အချိန်မှာ ကျန်း ကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်၊ စိတ်သစ်ကိုယ်သစ် ဖြစ်နေစေဖို့ရာအတွက် အပျော်ကြူးတာ၊ အမူးလွန်တာ၊ ကိုယ့်ကျန်းမာရေးကို လျစ်လျူရှုတာ စတဲ့ အချက်တွေကို အထူးသတိထား ရှောင်ကြဉ်သင့်ပါကြောင့် အကြံ
ပြုလိုပါတယ်။


 မင်္ဂလာနှစ်သစ်မှာ ကိုယ်စိတ်နှလုံးရွှင်ပြုံးပြီး ကျန်းမာချမ်းသာကျပါစေ။

 


No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...