23 August, 2014

သန္ဓေတားချင်တယ်


       ဒေါက်တာနီလာရဲ့ ဆေးခန်းကို လူနာအမျိုးမျိုး၊ အထူးသဖြင့် အမျိုးသမီးလူနာ အမျိုးမျိုး လာပြလေ့ရှိကြ ပါတယ်။ အမျိုးသမီးလူနာတွေထဲမှာ စုစုတို့လို ငယ်ရွယ်တဲ့ သူတွေလည်း ပါသလို အသက် ၆၀ ကျော် အမျိုး သမီးတွေလည်းပါတယ်။ စုစုတို့အရွယ်တွေက ဓမ္မတာရာသီနဲ့ပတ်သက်တဲ့ ဝေဒနာတွေ ခံစားရတာကြောင့်
လာပြတာများသလို အသက် ၆၀ ကျော်ချိန်မှာတော့ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ၊ သားအိမ်ကျတာစတဲ့
ဝေဒနာတွေကြောင့် လာတိုင်ပင်ကြတာ များပါတယ်။
      ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လာပြတတ်ပေမယ့် သန္ဓေတားချင်လို့ဆိုပြီး လာရောက်တိုင်ပင်တာ
တော့ နည်းပါတယ်။ တစ်ခါတလေ လင်မယားစုံတွဲတွေ ရောက်လာပြီး သုံးလခံသန္ဓေတားဆေး ထိုးချင်လို့
ဆိုပြီး ရောက်လာတာရှိပေမယ့် ဒီသန္ဓေတားနည်းအကြောင်းကို ပြည့်ပြည့်စုံစုံမေးမြန်း တိုင်ပင်တတ်သူတွေ
တော့ ရှားလှပါတယ်။ ဒီနေ့တော့ ထူးထူးခြားခြားအသက် ၂၇ နှစ်အရွယ် စုံတွဲတစ်တွဲရောက်လာပါတယ်။

      “ကျွန်မတို့က စုစုရဲ့ အစ်မ၀မ်းကွဲတွေပါ ဒေါက်တာ..ကျွန်မတို့က နောက်တစ်ပတ်မှာ လက်ထပ်တော့ မှာပါ..အဲဒါ..”

      သီသီဆိုတဲ့ ကောင်မလေးက ရှက်ရွံ့ဟန်နဲ့ စကားဆက်မပြောတော့ပါဘူး။

      “ပြောပါ သမီး.. အန်တီကို အဒေါ်တစ်ယောက်လို သဘောထားပြီး ပွင့်ပွင့်လင်းလင်း ပြောပြပါ”

      အဲဒီတော့မှ သီသီက သူ့ချစ်သူကိုတစ်ချက်ကြည့်ပြီး-
      “ကျွန်မတို့ အိမ်ထောင်ပြုပြီး ပိုက်ဆံစုချင်သေးတယ် ဒေါက်တာ..အဲဒါကျွန်မတို့ နှစ်ယောက်စလုံး အလုပ်ကြိုးစားလုပ်ချင်တော့ ကလေးမလိုချင်သေးဘူး..သန္ဓေတားတဲ့နည်းတွေကို ကျွန်မနည်းနည်းကြားဖူး ပါတယ်..ထိုးဆေးထိုးတာ၊ သားအိမ်ထဲ ပစ္စည်းထည့်တာ၊ သောက်ဆေး စားတာ၊ ရက်ရှောင်တာ၊ ကွန်ဒုံး သုံးတာ ..စတဲ့နည်းတွေထဲကကျွန်မက သောက်ဆေး သောက်ချင်ပါတယ် ဒေါက်တာ..အဲဒီဆေးကို ကြာ ရှည်စွဲသောက်ရင် နောင်ကလေးလိုချင်တဲ့အခါ မရမှာလည်း စိုးရိမ်တယ်လေ၊ ဒါကြောင့် ဒေါက်တာ့ကို လာ တိုင်ပင်တာပါ” လို့ ရှင်းပြပါတယ်။

      “ ပေါင်းစပ်ဟော်မုန်း(ပရိုဂျက်စတင် နဲ့ အီစထရိုဂျင်ပါဝင်)ပါ သန္ဓေတားသောက်ဆေးက တစ်နေ့တစ် လုံး သောက်ရတဲ့ ဆေးဖြစ်တယ် သမီး.. ဒီဆေးက မမျိုးဥအိမ်ကနေ မမျိုးဥမကြွေအောင် တားဆီးပေးတဲ့ နည်းနဲ့ သန္ဓေမတည်အောင်လုပ်ပေးတယ်..ဒီဆေးကို ဖြတ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်..”

      “ဟုတ်လား ဒေါက်တာ..ဘယ်လိုဆိုးကျိုးတွေ ရနိုင်သလဲဟင်”
      “ ဒီဆေးသောက်သူတိုင်း ဖြစ်တာမဟုတ်ပါဘူး။ တချို့မှာတော့ ခေါင်းကိုက်တာ၊ ရင်သားတင်းတာ၊ ကိုယ်အလေးချိန်ပြောင်းလဲတာ၊ ၀က်ခြံပျောက်တာ ဒါမှမဟုတ် ရှိပြီးသား ၀က်ခြံပိုဆိုးလာတာ၊ ရာသီလာတဲ့ ပုံစံ ပြောင်းလဲတာတွေ ဖြစ်တတ်တယ်။ ဒီဆေးသောက်တဲ့အတွက်ရနိုင်တဲ့ကောင်းကျိုးတွေလည်း ရှိပါတယ် သမီး..ရာသီလာစဉ်ခံစားရတဲ့ ဝေဒနာတွေ သက်သာတယ်၊ နေ့တိုင်း သောက်ရင် သံဓာတ်ချို့တဲ့မှု မဖြစ်
အောင် ကာကွယ်ပေးနိုင်တယ်၊ သားအိမ်ကင်ဆာလိုရောဂါတွေကိုတောင် ကာကွယ်ပေးနိုင်တယ်လို့လည်း
လေ့လာမှုတချို့က ဆိုထားတယ် သမီးရဲ့”

      “ဟုတ်လား ဒေါက်တာ..ဒီဆေးသောက်ရင် ၀လာမယ်ဆိုတာကော မှန်လား ဒေါက်တာ၊ ပြီးတော့ သူ ခရီးသွားတဲ့ ရက်တွေမှာ ဆေးမသောက်ဘဲ နေလို့ ရလား”

      “ ဒီဆေးက အများစု ထင်နေသလိုဝဆေး မဟုတ်ပါဘူး သမီး..ဒါပေမဲ့ ဒီဆေးထဲမှာပါတဲ့ ဟော်မုန်းတွေ က အခန့်မသင့်ရင် ၀လာတတ်တယ်.. ဆေးသောက်တဲ့လူတိုင်း ဖြစ်တာမျိုးလည်း မဟုတ်ပါဘူး၊ ၀တာက သန္ဓေတားသောက်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ သူများမှာဝလာလို့ သမီး
သောက်ရင် ၀လာမယ်လို့လည်း မပြောနိုင်ပါဘူး..
       နောက်တစ်ခုက အမျိုးသားနဲ့ အတူနေနေ၊ မနေနေ ဒီဆေးကို နေ့တိုင်းသောက်ပေးရမယ်.. တကယ် လို့ ဘေးထွက်ဆိုးကျိုးတွေ ပေါ်လာရင်လည်းဆေးကို ရပ်မပစ်ပါနဲ့.. ဆေးသောက်ပြီးအန်ချင်သလိုလို ဖြစ် တတ်ရင် အစာနဲ့ တွဲသောက်လို့ ရတယ်.. ဒါမှမဟုတ် အိပ်ခါနီးကျမှ သောက်လို့လည်း ရပါတယ်”

      “ သမီးက အခုတောင် နည်းနည်းဝနေတယ် ဒေါက်တာ..တကယ်လို့ အဲဒီဆေးသောက်လိုက်ရင် သမီး ပိုဝလာမှာစိုးတယ်..အခုကတည်းက ကိုယ်အလေးချိန် တက်မလာအောင် ဘယ်လိုလုပ်ရမလဲ အကြံပေးပါ ဦး ဒေါက်တာ”

      “ အစားအသောက်ကိုတော့ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ် စသဖြင့် စုံစုံလင်လင်မျှမျှတတဖြစ်အောင် ပုံမှန်စားပေးရမယ်၊ ကယ်လိုရီများတဲ့ အစာကိုလျှော့စားရမယ်..အဓိကလုပ် သင့်တာက လေ့ကျင့်ခန်းပဲဖြစ်တယ် သမီး၊ အားကစားခန်းမတွေကို မသွားနိုင်ရင်တောင် အိမ်မှာရေချိုးခါနီး ပဲဖြစ်ဖြစ် ကိရိယာလွတ်လေ့ကျင့်ခန်းလေးတွေကို တတ်နိုင်သလောက် လုပ်ပေးသင့်တယ်။ အလုပ်လုပ်တဲ့ အခါလည်း အမြဲထိုင်မနေဘဲ သွက်သွက်လက်လက် သွားလာလှုပ်ရှားပေးရမယ်၊ သမီးစား တဲ့ကယ်လိုရီ ထက် သုံးလိုက်တဲ့ ကယ်လိုရီက ပိုများနေရင် ၀မှာ မပူရတော့ဘူးပေါ့”

      “ ဟုတ်ကဲ့..ကျေးဇူး အများကြီးတင်ပါတယ် ဒေါက်တာ”

★ ကြယ်စင် ★

No comments:

Post a Comment

LinkWithIn

Related Posts Plugin for WordPress, Blogger...